လီဗာပူးအသင်း ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ တိုက်စစ်သမား ဒီယက်စ်ဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ အတော်လေး အံဝင်သူဖြစ်တယ်လို့ ကလပ် ဂန္တဝင်ကြီး ဂရေမီ ဆောင်းနက်က ပြောပါတယ်။

ဒီယက်စ်ဟာ လီဗာပူးထံ ပြောင်းလာပြီးတည်းက ၈ ပွဲကစားထားပြီး သွင်းဂိုး ၁ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေ အများကြီး မမြင်ရသေးပေမယ့်လို့ တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်စွမ်းက လက်သင့်ခံစရာဖြစ်ကာ အန္တရာယ်ကြီးတဲ့ ထိုးဖောက်မှုကို ပွဲတိုင်း လုပ်ပြနိုင်နေသူဖြစ်ပါတယ်။

လန်ဒန်ကလပ်တွေဖြစ်တဲ့ ဝက်ဟမ်း၊ စပါးအသင်းတို့ကို ကျော်ပြီး ဇန်နဝါရီက ခေါ်ယူထားရတဲ့ ကိုလံဘီယာ တိုက်စစ်သမားဟာ ဝက်ဟမ်းကို ၁-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာလည်း ဘယ်ခြမ်းကနေ ထူးချွန်တဲ့ တိုက်စစ်စွမ်းရည်ကောင်းတွေ ထပ်မံ ပြသကာ ပရိသတ်တွေကို ရင်ဖိုစေခဲ့တယ်။

‘ သူက လူတိုင်းကို မတင်ပေးနိုင်သူပဲ။ သူက ပရိသတ်တွေကို ကွင်းထဲက ဖင်ထိုင်ခုံမှာ တစ်ရွရွဖြစ်နေစေတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက တိုက်ရိုက်ကစားတယ်၊ မြန်တယ်၊ ရုန်းကန် တိုက်ခိုက်လိုစိတ်လည်း ရှိပါတယ်။

သူလုပ်နေတာတွေကို ပရိသတ်တွေက နှစ်သက်ကြလိမ့်မယ်။ ဘောလုံးရှုံးတယ်၊ ချက်ခြင်း ပြန်လိုက်ဆယ်တယ်၊ ဝင်လုမှုတွေနဲ့ ဘောလုံးပြန်ရအောင်လုပ်တယ်။ ပြိုင်ဘက်ကို သူကျော်ဖြတ်ပြတာကလည်း ပျော်ဖို့ကောင်းပါတယ်။

သူ့ရဲ့ မြန်ဆန်မှုနဲ့ တိုက်ရိုက် ကစားနိုင်မှုတွေကြောင့် သူ့အကြောင်း ပြောစရာတွေ အများကြီး ရှိနေတယ်။ လီဗာပူး ကစားဟန်က သူ့နဲ့ အံဝင်လွန်းပါတယ်။ ဒီယက်စ်က လီဗာပူး ပိုင်ဆိုင်လာတဲ့ နောက်ထပ် ခြိမ်းခြောက်နိုင်စွမ်းပါပဲ။

ခံစစ်သမားတွေက သူတို့ကို အရှိန်နဲ့ ဖြတ်ကျော်တဲ့၊ ကိုယ်ယောင်ပြပြီး ကျော်ဖြတ်သွားနိုင်တဲ့ ကစားသမားတွေကို ရင်ဆိုင်ရတာကို မကြိုက်ပါဘူး။ ဒီယက်စ်က နှစ်မျိုးလုံး လုပ်နိုင်ပါတယ်။ တကယ်ကို အန္တရာယ်များတဲ့ ကစားသမားပါ။ လီဗာပူးအတွက် သိပ်ကောင်းတဲ့ ပိုင်ဆိုင်မှုပါ ‘ လို့ ဆောင်းနက်က ချီးကျူးခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှာ ဖာမင်နို ဒဏ်ရာရနေပြီး ဂျိုတာ ကြံ့ခိုင်မှု မပြည့်သေးချိန်မှာ ဒီယက်စ် ပွဲထွက်ခွင့်တွေ ရနေခြင်းဖြစ်ကာ ကြားရက် အင်တာမီလန်ပွဲမှာ သူ့ရဲ့ ပွဲထွက်နေရာကို ဆက်ထိန်းထားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီရာသီ ဂိုးထောက်ပံ့မှု ၁၆ ကြိမ်ထိ လုပ်နိုင်ပြီဖြစ်တဲ့ ထရန့်အပေါ်မှာလည်း

‘ လီဗာပူးမှာ ထိပ်တန်းဂိုးသွင်းရှင်တွေ ရနေတာက အသင်းမှာ ထရန့်ရှိနေလို့ပါ။ သိပ်ကောင်းတဲ့ ဘောလုံးတွေ ပေးနိုင်တယ်၊ လူအနည်းစုလောက်ပဲ ပေးနိုင်တဲ့ အမြင့်ဆုံးအဆင့် ပေးချက်တွေ လုပ်နိုင်ပါတယ်။

ဘောလုံးနဲ့ ပတ်သက်ပြီး သူလုပ်ချင်တာတွေ အားလုံးကို လုပ်နိုင်စွမ်းရှိတယ်။ အဆုံးသတ်ပိုင်း ဧရိယာတွေမှာဆိုရင် သူဟာ ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်က မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ပါတယ် ‘ ဆိုပြီး ဆောင်းနက်က ဆက်လက် ချီးကျူးခဲ့တာပဲဖြစ်ပါတယ်။