လီဗာပူးက ဝက်ဟမ်းကို မာနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ အသင်းရဲ့ ခံစစ်ကစားပုံကို ရိုဘိုက အကောင်းမြင်နေပြီး clean sheet က အရေးပါလှတယ်လို့ ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီနောက်ပိုင်းပွဲတွေမှာ ခံစစ်ကစားပုံ အတော်လေး တိုးတက်လာမှုနဲ့အတူ ပွဲအတော်များများကို clean sheet တွေ ရလာခဲ့တာပါ။ ဒါဟာ တိုက်စစ်က ဂိုးအများကြီး မသွင်းနိုင်ချိန်တွေမှာ နိုင်ပွဲအတွက် အရေးပါတဲ့ သော့ချက်ဖြစ်ပြီး ခံစစ်ပိုင်း မတည်ငြိမ်လို့ ဒီရာသီမှာ ရမှတ် ဆုံးရှုံးခဲ့တာတွေက အတော်လေး များခဲ့ပြီဖြစ်ပါတယ်။

ရိုဘိုကပဲ ” ဝက်ဟမ်းက ပွဲကောင်းတစ်ပွဲ ကစားခဲ့ပေမယ့် ကျနေ်ာတို့ ခုခံပုံ ကောင်းမွန်ခဲ့တယ်။ အနိုင်သုံးမှတ်ရဖို့ လိုင်းတွေပေါ်မှာ ခန္ဓာကိုယ်နဲ့ ပိတ်ကာမှုတွေပါ လုပ်နိုင်ခဲ့တယ်။

တည်ကန်ဘောတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်။ အဲ့တာတွေက မလွယ်လှဘူး ဆိုပေမယ့်လို့ သွင်းဂိုး ၁ ဂိုး ရအပြီးမှာ clean sheet ထိန်းနိုင်ဖို့က အရေးကြီးခဲ့ပါတယ်။ အခု ကျနေ်ာတို့ ပိုလုပ်ဖို့ လိုလာပြီ၊ ဆက်ပြီး သွားနိုင်ဖို့ လိုလာပါပြီ။

ဝက်ဟမ်းကလည်း ဥရောပပွဲတွေ ကစားရဖို့ ကြိုးစားနေတာပါ။ ဒါကြောင့် ကျနော်တို့က ဗဟိုခံစစ်သမားတွေကို ကူညီဖို့လိုပြီး ရဲရင့်ဖို့ လိုအပ်ခဲ့ပါတယ် ” လို့ ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တယ်။

ရိုဘိုဟာ လီဗာပူးအတွက် ပွဲထွက် ၂၀၀ ပြည့်ပွဲကို ကစားခဲ့ရတာပါ။ သူက အသင်းအတွက် ဒီလောက်ထိ ကစားလာနိုင်တာကို ဂုဏ်ယူကြောင်းနဲ့ ကြားရက် အင်တာမီလန်ပွဲမှာ ပွဲထွက်ရဖို့ မျှော်လင့်နေကြောင်း ဆိုပေမယ့်လို့ မန်ချက်စတာဒါဘီကို အာရုံကျနေတယ်လို့ ဝန်ခံခဲ့ပါသေးတယ်။

ဘယ်အစွန်လူက ” ဒီအသင်းအတွက် ကစားရတဲ့ ပွဲတိုင်းက ထူးရှယ်ပါ။ ပွဲ ၂၀၀ ပြည့်ခဲ့တာက သိပ်ကောင်းပါတယ်။ ၂၀၁ ပွဲမြောက် ပွဲအတွက် စောင့်မျှော်နေပါတယ်။ ဒါပေမယ့် တစ်ရက် ကျနော် အသက်ကြီးသွားခဲ့ရင် ကိုယ်ရခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်ကြည့်မိမှာပါ။

ပိတ်ရက်မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေပါတယ်။ ဒါပေမယ့် မန်ချက်စတာဒါဘီကို ပိုပြီး စိတ်ရောက်နေမယ်ဆိုတာ ကျနော် ပြောရဲပါတယ် ” လို့ ဆိုသွားတာဖြစ်ပါတယ်။