ကမ္ဘာကျော် ကစားသမားတစ်ဦးဖြစ်တဲ့ မာနေးဟာ ကလပ်နဲ့ နိုင်ငံအသင်းတွေမှာ အောင်မြင်မှုတွေအရ အခြားသော ကမ္ဘာကျော်တွေလို နေထိုင်ခွင့် ရှိပေမယ့်လည်း အဲ့လို နေထိုင်ဖို့ဟာ သူ့စတိုင် မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဘောလုံးကမ္ဘာမှာ များစွာသော ပရိသတ်တွေနဲ့ လူငယ်ကစားသမားတွေအတွက် စံနမူနာ ကစားသမားလည်းဖြစ်တဲ့ မာနေးဟာ အားကစားနယ်ပယ်တွေမှာ ဦးဆောင်သူတစ်ဦးအဖြစ် ရော်နယ်ဒိုတို့လို ရှေ့ထွက် စကားပြောလေ့ ရှိသူ မဟုတ်ပါဘူး။ အဲ့လို လုပ်ဖို့ကိုလည်း စိတ်မဝင်စားဘူးလို့ ပြင်သစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ မာနေးက ပြောဆိုခဲ့တယ်။
အနေအေးပြီး ရိုးကျိုးတဲ့ မာနေးဟာ ဘောလုံးရာသီတွေမှာ လီဗာပူးအတွက် ကစားပေးပြီးရင် ဇာတိမြေကို ပြန်သွားပြီး သာမာန် လူတစ်ဦးလို နေထိုင်လေ့ရှိတယ်။ အခြားတစ်ဘက်မှာ ဇာတိမြေအတွက် သူလုပ်ပေးနိုင်တဲ့ ကိစ္စမှန်သမျှကို ကူညီလုပ်ဆောင်ပေးလေ့ ရှိပါတယ်။
မာနေးက “ ဦးဆောင်သူတစ်ဦးလို နေထိုင်ပြဖို့ ဆန္ဒ မရှိပါဘူး။ ဘောလုံးလောကမှာက အားလုံးက အရည်အချင်းတွေ သေချာတဲ့ တန်ဖိုးတွေ ရှိကြတာချည်းပါပဲ။ ကျနော် ပညာအရည်အချင်းအပေါ် မူတည်ပြီး အကဲဖြတ်မှုတွေကိုတော့ သဘောမကျပါဘူး။
အပြင်းအထန် ဝေဖန်နေတာထက်စာရင် ရံဖန်ရံခါမှာတော့ ဝေဖန်မှုတွေရဲ့ အဝေးမှာ နေလိုက်တာကိုပဲ ကျနော် ပိုအလေးပေးပါတယ်။ အရေးကြီးဆုံးက မပြောင်းလဲဖို့ပါဘဲ။ ကျနော်က ဒီလို နေထိုင်မှုတွေကနေ ပြောင်းလဲသွားတယ်လို့ မထင်ပါဘူး။
Casamance မြို့ငယ်လေးကလာတဲ့ ကောင်လေးတစ်ယောက်အတွက် ဒါတွေအားလုံးကို တွန်းလှန်နိုင်တာကပဲ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်နေပါပြီ ” လို့ ပြောပြခဲ့တယ်။
ရော်နယ်ဒိုနဲ့ နေမာတို့ရဲ့ lifestyle တွေကို အတုယူဖို့ မေးမြန်းခံရချိန်မှာ မာနေးက ” နိုးပါ။ လူမှုကွန်ယက်မှာ သူတို့ကို follow ထားတာကပဲ ကျနော်အတွက် လုံလောက်နေပါပြီ။ သူတို့ရဲ့ သိပ်ကောင်းတဲ့ ဘဝတွေကို ကျနော် သဘောကျပါတယ်။ ဒါပေမယ့် အဲ့တာက ကျနော် နေထိုင်ရမယ့် ဘဝပုံစံ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
မာနေးဟာ ဆီနီဂေါရဲ့ ဟီးရိုးအဖြစ်လည်း အာဖရိကမှာ ထင်ပေါ်သူတစ်ဦးဖြစ်ကာ သူဟာ လီဗာပူးအသင်းနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်မှာဖြစ်ပြီး အခုချိန်ထိတော့ စာချုပ်သစ်ကိစ္စ သတင်းထွက်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။