အခုချိန်ကနေ ပရီးမီးယားလိဂ် ရာသီကုန်ကြား လီဗာပူး ရှုံးနိမ့်တာဟာ ပက်ဂွာဒီယိုလာရဲ့ အသင်းအတွက် ကြီးမားတဲ့ ရက်သတ္တပတ်ဖြစ်လိမ့်မယ်လို့ မန်စီးတီး တောင်ပံကစားသမား မာရက်ဇ်က ဝန်ခံခဲ့ပါတယ်။
လီဗာပူးအသင်းဟာ စနေနေ့က ဘရိုက်တန်ကို အနိုင်ရပြီးနောက် မန်စီးတီးနဲ့ ၃ မှတ်ပဲ ပြန်ကွာသွားခဲ့ပြီး လိဂ် ၈ ပွဲဆက် အနိုင်ရလဒ်ကို ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း တနင်္လာနေ့မှာ မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့တဲ့အခါ တုံ့ပြန်မှုတစ်ခု လုပ်ပြရမှာဖြစ်ပြီး မဟုတ်ရင်တော့ အပြင်းအထန် ဖိအားပေးမှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဧပြီ ၁၀ ရက်နေ့ လီဗာပူးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဟာ ဖလားပြိုင်ပွဲကို အဆုံးအဖြတ် ပေးနိုင်မှာဖြစ်ပေမယ့် အဲ့ဒီ့ပွဲမတိုင်ခင် န်ကလော့ပ်ရဲ့အသင်း ခြေချော်ဖို့ကို လက်ရှိချန်ပီယံတွေက မျှော်လင့်နေမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားတိုက်ပွဲနဲ့ ပတ်သက်ပြီး မာရက်ဇ်က “ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အကြောင်းကို ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့က အများကြီး ပြေးလွှားနေတာပါ။ ပွဲတွေကို ဆက်တိုက်အနိုင်ရရင် ယုံကြည်မှုရှိလာတာပါပဲ။ ကျွန်တော်တို့ ကိုယ့်ဘာသာ သိပ်ကို ယုံကြည်မှုရှိပါတယ်။
အပတ်တိုင်း ပွဲတိုင်းမှာ ဒီယုံကြည်မှုတွေကို မှန်မှန်ကန်ကန် အသုံးချဖို့ ကြိုးစားသွားမှာပါ။ တခါတလေ ပြိုင်ဘက်က ကျွန်တော်တို့ထက် ပိုကောင်းရင် ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ပြီး ထပ်ကြိုးစားကြတယ်။ ကျွန်တော်တို့က ပိုပိုပြီး ကောင်းလာဖို့၊ ပွဲကို အနိုင်ရဖို့ အမြဲတမ်း ကြိုးစားပါတယ်။
လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက်၊ စပါးနဲ့ အာဆင်နယ်သာ မရှိရင် ကျွန်တော်တို့ အမြဲတမ်း လိဂ်ဖလား အောင်မြင်မှာပါ။ ကျွန်တော်တို့နောက်မှာ၊ ကျွန်တော်တို့ရှေ့မှာ တခြားအသင်းတွေက အနိုင်ရနေတဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပွဲတွေကို အနိုင်ယူဖို့ ပိုပြီး ဆာလောင်လာစေတယ်။ ဒါက ရည်မှန်းချက်ပဲ။ ကျွန်တော်တို့ လိုချင်တဲ့အရာပဲ။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အာရုံစိုက်ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်နိုင်တာ ဒါအကုန်ပဲ။ တခြားအရာတွေကို ကျွန်တော်တို့ ထိန်းချုပ်လို့မရဘူး။ ဘောလုံးနဲ့ပတ်သက်ပြီး ကျွန်တော်က ပြင်းပြမှုရှိတယ်။ ဘောလုံးပွဲကြည့်ရတာ သဘောကျတယ်။ လီဗာပူးရှုံးရင် ကျွန်တော်တို့အတွက် ကြီးမားတဲ့ ရက်သတ္တပတ်တစ်ခု ဖြစ်လာမှာပါ။
ကစားသမားတစ်ယောက်အနေနဲ့ ဖိအားတွေကို ရင်ဆိုင်ရမှာပဲ။ ကျွန်တော်တို့မှာ ဖိအားရှိရမယ်။ အဲ့ဒါမရှိပဲ ကျွန်တော်က အကောင်းဆုံးပုံစံကို ရမှာမဟုတ်ဘူး။ အဲ့ဒီ့ဖိအားက မင်းကို ပိုကောင်းလာစေပြီး မင်းကို ပိုဆာလောင်လာစေတယ်။ ဒါကြောင့် ဖိအားက ကောင်းပါတယ် ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။