လီဗာပူးအသင်းက ဘရိုက်တန်ကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဒီယက်စ်ရဲ့ ခေါင်းတိုက်ဂိုး၊ ဆာလာရဲ့ ပင်နယ်တီဂိုးတို့ဖြင့် လီဗာပူးက အနိုင်ရခဲ့ကာ အဆိုပါပွဲမှာတော့ ပရိသတ် သတိမထားမိတဲ့ ကိစ္စအချို့ဖြစ်ခဲ့ပါတယ်။

ရံဖန်ရံခါမှာ ခေါင်းဆောင်မှု တာဝန်ဆိုတာက ရိုးရှင်းလှပါတယ်။ ကိုယ်အသင်းသားတွေအပေါ် ခြိမ်းခြောက်လာမှုကို ကာကွယ်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေကနေ အကူအညီပေးဖို့ဟာ ခေါင်းဆောင် တစ်ယောက်ရဲ့ တာဝန်ဖြစ်ပါတယ်။ ဘရိုက်တန်ပွဲမှာ ဟန်ဒါဆန်ဟာ ဒီတာဝန်ကို ယူပေးသွားခဲ့ပြီး လူတိုင်းကတော့ သတိမထားမိခဲ့ပါဘူး။

ကိတ်တာရဲ့ ဧရိယာအတွင်း ကန်ချက်ကို ဘရိုက်တန်ဘက်က လက်ဖြင့် ကာခဲ့တာကြောင့် ပင်နယ်တီရခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဆာလာက ကန်သွင်းခဲ့တာပါ။ အဆိုပါ သွင်းဂိုးကပဲ လီဗာပူးကို ၂-၀ နဲ့ ဦးဆောင်ခွင့်ရစေခဲ့ပြီး အဝေးကွင်းမှာ ပွဲကို အပြီးသတ်စေခဲ့တဲ့ သွင်းဂိုးလို့လည်း ဆိုရမှာပါ။

ဆာလာ ပင်နယ်တီ မကန်ခင်မှာ ပြိုင်ဘက် တိုက်စစ်သမား မူပေးက Mindgame သဘော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုအဖြစ် ဖိအားပေးဖို့ ကြိုးစားချိန်မှာ ဒါပေမယ့်လို့ ဟန်ဒါဆန်က ဧရိယာထဲမှာ ဘော်ဒီဂတ်တစ်ဦးလို ကာကွယ်ပေးခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

ဒီလို ကာကွယ်မှုတွေကို ဟန်ဒါဆန် လုပ်ပေးခဲ့တာက ဒီရာသီအတွက် ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ မာတီနက်စ်က တူညီတဲ့ လုပ်ရပ်ကို လုပ်ဆောင်စဉ် ဟန်ဒါဆန်က ဝင်ရောက် ကာကွယ်ခဲ့ဖူးပါသေးတယ်။

ဒီရာသီမှာပဲ လက်စတာကို ၎င်းတို့ အိမ်ကွင်း သွားရောက် ရင်ဆိုင်ကစားတဲ့ပွဲမှာ ဆာလာ ပင်နယ်တီ ကန်သွင်းခဲ့စဉ် ဟန်ဒါဆန် အနားမှာ မရှိနေခဲ့တုန်း လက်စတာကွင်းလယ်လူ မတ်ဒီဆန်ဟာ ဆာလာကို စကားလုံးတွေဖြင့် စိတ်ဆွခဲ့ပြီး ထိုစဉ်တုန်းက ဆာလာ ပင်နယ်တီ လွဲခဲ့ပါသေးတယ်။ အဲ့ပွဲမှာပဲ လီဗာပူးအသင်းက ဒုတိယပိုင်း ဂိုးပေးရကာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဆာလာကို ပြိုင်ဘက် ကစားသမားတွေက တူညီတဲ့ ဖိအားပေးမှုတွေ လုပ်ဖို့ ကြိုးစားလာကြပြီး အခုတစ်ကြိမ် ဟန်ဒါဆန်ရဲ့ ကာကွယ်ပေးမှုကတော့ ထိရောက်ခဲ့တာ မြင်သာခဲ့ပါတယ်။

လီဗာပူးဝါရင့်ကစားသမား မီလ်နာဟာလည်း ဟန်ဒါဆန်လိုပဲ အသင်းရဲ့ ကြယ်ပွင့်တွေကို ဂရုစိုက်ပေးတတ်ပြီး ချယ်ဆီးနဲ့ ကာရာဘောင်းဖလားပွဲမှာ အယ်လီးယော့ကို ပြိုင်ဘက် ကစားသမားတွေ ဖိအားပေးနေမှုကနေ ခေါ်ထုတ် ကာကွယ်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။