ဂျာမာန် သတင်းဌာနတွေကတော့ လာမယ့် ရာသီမှာ နွေဈေးကွက်ထဲ ရောက်လာမယ့် ဘယ်လင်ဟမ်အတွက် ဒေါ့မွန်ဘက်က ယူရို သန်း ၁၂၀ ဈေးသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ကွင်းလယ်လူဟာ နောက်နှစ်နွေမှာ အသက် ၂၀ အရွယ် ရှိနေမှာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကြာ ရေရှည် အသုံးပြုနိုင်မယ့် ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူ့ကို မခေါ်ယူဘူးဆိုရင် ဒီနွေမှာတင် ဒီကလန်ရိုက်ကို ခေါ်ယူဖို့ ဂျွန်ဆင်က တိုက်တွန်းခဲ့ပါတယ်။

ရိုက်က အခုမှ အသက် ၂၃ နှစ်ပဲ ရှိသေးတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာပဲ တောက်လျှောက် ခြေစွမ်းပြလာနေသူပါ။ သူ့အတွက် ပြောင်းရွှေ့ကြေးကို ဝက်ဟမ်းဘက်က ပေါင် သန်း ၁၅၀ လောက် တောင်းဆိုနေတာဖြစ်ပါတယ်။

ဘယ်လင်ဟမ်က လီဗာပူးကို ပြောင်းဖို့ ဦးစားပေးပေမယ့် ဒီကလန်ရိုက်က ချယ်ဆီးထံ ပြောင်းလိုတယ်လို့ သတင်းထွက်ထားဖူးပါတယ်။ ဝက်ဟမ်းဘက်ကတော့ သူတို့ ကွင်းလယ်လူကို ဘယ်ဈေးရရ ရောင်းပေးမှာ မဟုတ်ဘူးဆိုပြီး ပေါင် သန်း ၁၅၀ ထိ ဈေးတင်ခဲ့တာပါ။

” အခုပဲ ကျနော်ကတော့ ဒီကလန်ရိုက်ကို ကမ်းလှမ်းသွားမှာပါ။ အရင်နှစ်တုန်းက မာနေးလိုပဲ ဟန်ဒါဆန်ကလည်း ထွက်ခွာသွားမယ့် အနေအထား ရှိထားခဲ့တယ်။ ကျနော်က ဒီကလန်ဟာ လီဗာပူးက ဟန်ဒါဆန်နေရာမှာ ပြည့်စုံစွာ အံ့ဝင်မယ်လို့ ထင်မိခဲ့တယ်။ ” လို့ ဂျွန်ဆင်က ပြောပါတယ်။

လီဗာပူး ခေါ်ယူသင့်တဲ့ နောက်ထပ် ကွင်းလယ်လူအဖြစ် နီကိုလို ဘာရယ်လာကို ဂျွန်ဆင်က ထောက်ခံပါတယ်။ ဖေဖော်ဝါရီမှာ အသက် ၂၆ နှစ်ပြည့်မယ့် အီတလီ ကွင်းလယ်လူဟာ အရင်အမောင်း သိပ်မကောင်းသူဖြစ်လို့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမလားဆိုတဲ့ မေးခွန်းတစ်ခုတော့ ရှိထားပါတယ်။

” ဘာရယ်လာက ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်ပါလိမ့်မယ်။ သူလုပ်ပြထားတဲ့ ဂိုးသွင်းဖို့နဲ့ ဂိုးထောက်ပံ့မှု ပြုလုပ်ဖို့ဆိုတာတွေက မလွယ်ကူပါဘူး။ ဒါပေမယ့် သူကလည်း ပရီးမီးယားလိဂ်မှာ လုပ်ပြထားနိုင်တာမျိုး မဟုတ်ပါဘူး။

နည်းစနစ်ပိုင်း သိပ်ကောင်းပြီး သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ပုံမှန် ပြုလုပ်နိုင်သူ တစ်ဦးဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး။ သွင်းဂိုးအတွက် ကူညီပေးနိုင်သူတွေ ကွင်းထဲမှာ ပိုရှိနေတာက အသင်းအတွက် ကောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘာရယ်လာကို ခေါ်ယူလိုတယ်ဆိုရင် ပေါင် ၇၇ သန်းနဲ့ ညီမျှတဲ့ ယူရို သန်း ၉၀ ပေးရမယ်လို့ အီတလီ သတင်းဌာနတွေက ဖော်ပြထားတာ ဖြစ်ပါတယ်။