ဇူလိုင်လ ၄ ရက်နေ့မှာတော့ လီဗာပူးအသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ရာသီကြို လေ့ကျင့်ရေးတွေကို စတင်တော့မှာဖြစ်ပါတယ်။
လက်ရှိမှာ လီဗာပူး လူငယ်တွေက ခါဘီမှာ စတင် စုဝေးမှုတွေကို ပြုလုပ်ထားပြီဖြစ်ကာ မကြာခင်မှာတော့ စီနီယာအသင်းနဲ့အတူ အာရှ ခရီးစဉ်ကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။ မာဆေးဆိုဒ် သတင်းတွေရဲ့ ဖော်ပြမှုတွေအရ ဒီရာသီကြိုမှာ နာမည်ကျော် အကယ်ဒမီ စတား နှစ်ဦး ပါဝင်လာဖို့က သေချာသလောက် ဖြစ်နေပါတယ်။
မနှစ်ကရာသီ ရာသီကြိုမှာတော့ တိုက်စစ်သမား ဂေါ်ဒန်ဟာ စီနီယာအသင်းနဲ့အတူ ရာသီကြိုကို ပါဝင်ခွင့်ရတဲ့ လူငယ် ၈ ဦးထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ သူအပြင် အိုဝင်ဘက်၊ မော်တန်၊ ဘရတ်ဒလေ၊ ကိုမတ်တီယို၊ ပီတာလူဂါ၊ ဟာဗေး ဒေးဗစ်တို့ ပါဝင်ခဲ့တာပါ။
ဒီရာသီကြိုမှာ လီဗာပူးနည်းပြအဖွဲ့က လူငယ်တွေကို ပိုမို နေရာပေး စောင့်ကြည့်သွားမှာဖြစ်တယ်။ ဒီရာသီကြိုမှာတော့ အသင်းပရိသတ်တွေ မမြင်တွေ့ဖူးသေးတဲ့ လူငယ် အချို့ ပါဝင်လာပါတယ်။
လူငယ်ရေးရာ နည်းပြဟောင်းဖြစ်ပြီး လက်ရှိ ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ပပ်လင်ဒါးက ခံစစ်မှူးနေရာကနေ ကွင်းလယ်ခံစစ်ကို ပြောင်းကစားနေတဲ့ စတီဖန် ဘာဂျ်ဆဲတစ်နဲ့ တိုက်စစ်သမား ဘော်ဘီ ကလပ်တို့ကို ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။
သူတို့ နှစ်ဦးလုံးဟာ မနှစ်ကရာသီမှာ အကယ်ဒမီ အသင်းကို ပြောင်းရွှေ့ ရောက်လာကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်အသင်းမှာ နေရာရနေတဲ့ ကွင်းလယ်လူ ဖရန့်ဒေါ့နဲ့ တိုက်စစ်သမား ကန်နာနီရာတို့လည်း ပါဝင်ခွင့်ရဖွယ် ရှိပါတယ်။
ယူ-၁၈ အသင်းနဲ့ ယူ-၂၃ အသင်းတို့ဟာ ခါဘီမှာ လေ့ကျင့်နေကြပြီဖြစ်ကာ သူတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် မူတည်ပြီး လူစာရင်း အပြောင်းအလဲ ရှိနိုင်ပါတယ်။