လီဗာပူးအသင်းရဲ့ ၁၉ နှစ်သာ ဘယ်အစွန်လူ အိုဝင်ဘက်ဟာ ဒီနွေမှာ အငှားထွက်မှာဖြစ်ပြီး ပေါ်တူဂီ၊ အီတလီနဲ့ ပြင်သစ်ဘက်က အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရရှိထားပါတယ်။
မနှစ်ကရာသီ အကယ်ဒမီအသင်းမှာ ကောင်းမွန်တဲ့ ခြေစွမ်း ခြေစတွေကို ပြသထားနိုင်တဲ့ ဝေလ်းလူငယ်လေးဟာ မှန်ကန်တဲ့ အသင်းကို ရဖို့ ရှာဖွေနေဆဲပါ။ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ ချန်ပီယံရှစ် ကလပ်တွေအပြင် ဥရောပဝင်ခွင့်ရ ကလပ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။
လီဗာပူးအသင်းသမိုင်းမှာ ဂိုးသွင်းဘုရင်အဖြစ် ထိပ်ဆုံးမှာ ရှိနေတဲ့ ဂန္တဝင်ကြီး အီရန် ရပ်ရှ်ရဲ့ တူတော်စပ်တဲ့ အိုဝင်ဘက်ဟာ ဦးလေးဖြစ်သူရဲ့ ဂုဏ်သတင်းကြောင့် အဆက်အသွယ်ကောင်းတွေ ရထားမယ်လို့ ယူဆပါတယ်။
မာဆေးဆိုဒ် သတင်းဌာနရဲ့ သတင်းထောက်ကတော့ အိုဝင်ဘက်ကို ခေါ်ယူရေး စီးရီးအေ၊ လီဂူးဝမ်းနဲ့ ပရီးမီးယား လီဂါတို့မှ ကလပ်တွေက ကမ်းလှမ်းမှုတွေ ပေးထားတယ်လို့ ဖော်ပြခဲ့တယ်။ အဆိုပါ ကလပ်တွေထဲမှာ ယူရိုပါလိဂ်တင် မကဘဲ ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းတွေပါ ပါဝင်နေပါတယ်။
ဒါဟာ အဆင့်မြင့်တန်းလိဂ်တွေမှာ ပွဲကစားခွင့်ရရေး အိုဝင်ဘက်အတွက် အခွင့်အရေးဖြစ်လာခဲ့တယ်။ သူကိုယ်တိုင်ကလည်း ချန်ပီယံရှစ် တစ်သင်းထံ အငှားထွက်ဖို့ထက် သူ့ရဲ့ ကစားဟန်အတွက် ဥရောပကလပ်တစ်သင်းထံ အငှားထွက်ရဖို့ ပိုမို ဆန္ဒရှိနေပါတယ်။
လီဗာပူးဘက်ကတော့ ပုံမှန်ပွဲထွက်ခွင့်ရနိုင်ရေး ဦးစားပေးမှာဖြစ်ကာ အားကစားဒါရိုက်တာ ဂျူလီယန် ဝတ်နဲ့ အဆက်အသွယ်ကောင်းရှိတဲ့ ပေါ်တူဂီလိဂ်ထံ စေလွှတ်ပေးဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။
အိုဝင်ဘက်ဟာ အနာဂတ်မှာတော့ ဘယ်အစွန်လူ ရော်ဘတ်ဆန်၊ ကိုစတက်တို့နဲ့ ပွဲထွက်ခွင့် ယှဉ်ပြိုင်ရမှာပါ။ ရော်ဘတ်ဆန်ဟာ အသက် ၂၈ နှစ်အရွယ် ရှိနေတာမို့ ဒီနှစ်တွေမှာ အတွေ့အကြုံကောင်း စုဆောင်းနိုင်မယ်ဆိုရင် အိုဝင်ဘက်ဟာ စီနီယာအသင်းမှာ ပွဲကစားခွင့်အတွက် အခွင့်အရေး ရနိုင်မှာဖြစ်ပါတယ်။
လီဗာပူးနဲ့ ဦးလေးဖြစ်သူ အီရန် ရပ်ရှ်ကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေကြောင့် အသင်းဟာ အိုဝင်ဘက်ကို စီနီယာအခွင့်အရေး ပေးဖို့ စဉ်းစားထားမှာဖြစ်ပြီး ဝေလ်းလူငယ်လေး အနေနဲ့ လက်တလောမှာတော့ တိုးတက်မှုတွေအတွက် ပုံမှန်ကစားခွင့်ကို ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်။