ခံနိုင်ရည်ရှိပါတယ်။

ဒီစကားကတော့ လီဗာပူးကစားသမာဘဝ မြက်ခင်းစိမ်းပေါ်မှာ ပထမဆုံး ၅၂ မိနစ် ကုန်ဆုံးအပြီး လူမှုကွန်ယက်ပေါ်ကနေ နူးညက်စ် ထုတ်ဖော်ခဲ့တဲ့ တစ်ခွန်းတည်းသော စကားလုံးဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားကို လီဗာပူးအသင်းက ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်း၊ ထပ်တိုး ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ တို့နဲ့အတူ ပေါင် ၈၅ သန်းထိ ရောက်မယ့် သဘောတူညီမဖြင့် ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပမာဏဟာ လီဗာပူးအသင်းရဲ့ ကလပ်စံချိန်တင်ကြေးပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ နူးညက်စ်အပေါ်မှာ ကြီးမားတဲ့ ဖိအားတွေ ရောက်လာမယ်ဆိုတာကို သိထားကြပြီးဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေထံက ချစ်ခင်မှုတွေနဲ့အတူ ကစားသမားကို ဖေးမကြမှာဖြစ်ပေမယ့် အန်ဖီးကွင်းပြင်ပ ပြိုင်ဘက်ပရိသတ်တွေကတော့ နူးညက်စ်ကို ကျဆုံးလိုပါလိမ့်မယ်။

လက်တလောမှာတင်ပဲ ပြောင်းရွှေ့ကြေးကြီးရှင် တိုက်စစ်မှူးကို လူမှုကွန်ယက်တွေမှာ များစွာသော တိုက်ခိုက်မှုတွေနဲ့ စတင် ထိုးနှက်နေခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေ အနေနဲ့ နူးညက်စ်အပေါ် နှစ်ဆတိုးပြီး ချစ်ခင်ပေးဖို့ လိုအပ်မှာဖြစ်ပြီး ဒီလို အနေအထားမျိုးဟာ ပရိသတ်တွေနဲ့ အရမ်း မစိမ်းလှပါဘူး။

၂၀၀၇ တုန်းက လီဗာပူးအသင်းဟာ အက်သလက်တီကို မက်ဒရစ်မှ စပိန်သား တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၆.၅ သန်းပေးပြီး ခေါ်ယူခဲ့ပါတယ်။ ထိုစဉ်တုန်းက လီဗာပူးသမိုင်းမှာ အမြင့်ဆုံးသော ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။

ဒါဝင်နည်းတူ အသက် ၂၃ နှစ်အရွယ် တောရက်စ်ဟာ အက်သလက်တီကို အသင်းကို ၁၉ နှစ်နဲ့တင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူဟာလည်း နူးညက်စ်လိုပဲ ရာသီကြိုမှာ အဆင်မပြေခဲ့ပါဘူး။

၂၀၀၇ ခုနှစ် နွေမှာ လီဗာပူးအသင်းဟာ ရာသီကြို ပြင်ဆင်ရေး အာရှ ခရီးစဉ်အဖြစ် ဟောင်ကောင်ကို ထွက်လာခဲ့ပြီး Barclays Asia Trophy ကို ယှဉ်ပြိုင်ခဲ့ပါတယ်။ ပို့စ်မောက်အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ တောရက်စ် ပပါဝင်ခဲ့ပေမယ့် အခွင့်အရေးကြိး ၃ ကြိမ် လွဲခဲ့သလို ပင်နယ်တီပါ လွဲချော်ခဲ့ကာ အဖွင့်မလှခဲ့ပါဘူး။

အဲ့တုန်းကတော့ ဒီကနေ့လောက် လူမှုကွန်ယက်ကနေ တိုက်ခိုက်မှုတွေ မပြင်းထန်ခဲ့ပေမယ့် တောရက်စ်အပေါ် ဝေဖန်မှုတွေတော့ ရှိခဲ့ပါတယ်။ တောရက်စ်ဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး ရာသီမှာတင် ၂၄ ဂိုး သွင်းပြီး ဝေဖန်သံတွေကို တိတ်စေခဲ့ပါတယ်။

အခုချိန်မှာ ဒါဝင် နူးညက်စ်ကလည်း တူညီတဲ့ သမိုင်းကို ရေးထိုးရတော့မှာ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ် လက်အောက် ထရန့်၊ ဆာလာ၊ ဒီယက်စ်၊ သီယေဂိုတို့နဲ့အတူ တွဲဘက်ပြီး အသင်းဖော်တွေရဲ့ ကောင်းမွန်တဲ့ ထောက်ပံ့ပေးမှုတွေအောက်မှာ ဒါဝင် နူးညက်စ်ဟာ သွင်းဂိုးရဖို့ ခက်ခဲဖွယ် မရှိပါဘူး။

သို့ပေမယ့် နယ်မြေသစ်မှာ အသားကျဖို့ အချိန်တစ်ခုတော့ ယူရဦးမှာဖြစ်ပြီး သြဂုတ်လ ပရီးမီးယားလိဂ်ပွဲစဉ် မစတင်ခင် ရာသီကြို ပြင်ဆင်မှုမှာ နူးညက်စ် အကောင်းဆုံး ကြိုးစားနိုင်ဖို့ မျှော်လင့်ထားနိုင်တာ ဖြစ်ပါတယ်။

တရက်မှာတော့ ဖာနန်ဒို တောရက်စ်လိုပဲ ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးအဖြစ် ဒါဝင် နူးညက်စဟာ လီဗာပူးတိုက်စစ်ကို ဦးဆောင်လာဖို့ မျှော်လင့်နိုင်တာ ဖြစ်ပါတယ်။