မန်ချက်စတာ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန် မတိုင်ခင် လူငယ် တိုက်စစ်သမား အီလန်ဂါ အတွက် ဥရောပ ကလပ်တွေထံက ဆက်သွယ်မှုတွေ များစွာ ရရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ အန်တိုနီ အီလန်ဂါအတွက် ကမ်းလှမ်းမှု ဆယ်ခုကျော် ရရှိခဲ့သလို ဝါရင့် နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်အတွက် အင်တာမီလန်ကလည်း ယူနိုက်တက် တာဝန်ရှိသူတွေထံ ချိတ်ဆက်နေပါတယ်။

၁၂ နှစ်အရွယ်ကတည်းက ယူနိုက်တက်မှာ ရှိနေခဲ့တဲ့ အီလန်ဂါဟာ ဒီရာသီ ပရီးမီးယားလိဂ် ၅ပွဲသာ ပွဲထွက်ခဲ့ရတာပါ။ ဆွီဒင်သားဟာ မနှစ်က ရာသီမှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့ပေမယ့် အဲရစ်တန်ဟက် လက်အောက်မှာ ကစားချိန် ကန့်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပြီးဆုံးမယ့် ဗုဒ္ဓဟူးနေ့ မတိုင်ခင် အငှားဖြင့် ထွက်ခွာသွားနိုင်ပြီး ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုတွေ ရရှိနေခဲ့ပါပြီ။ အဆိုပါ အငှား ကမ်းလှမ်းမှုထဲမှာ ဒေါ့မွန်၊ ပီအက်စ်ဗီအပြင် အီတလီကလပ်များစွာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

တန်ဟက်ဟာ အီလန်ဂါရဲ့ အနာဂတ်အပေါ် ဆုံးဖြတ်ချက် မချရသေးပေမယ့် နောက်ခံလူ လင်ဒီလော့ဖ်အတွက် ကမ်းလှမ်းမှုတွေကိုတော့ ပယ်ချဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဗာရန်း၊ မာတီနက်ဇ်တို့ရဲ့ အရံလို ဖြစ်နေတဲ့ လင်ဒီလော့ဖ်ဟာလည်း ဒီရာသီမှာ ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပွဲ ၂၀ မှာ ၄ပွဲသာ ပွဲထွက်ခဲ့ရတာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲ ၄ ခုအတွက် ပြိုင်ဆိုင်နေရတာမို့ လင်ဒီလော့ဖ်ကို ဆက်ထိန်းလိုနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ကြယ်ပွင့်တွေဖြစ်တဲ့ ပယ်လစ်စထွီနဲ့ ဇီဒန်း အစ်ဘယ်တို့က ဇန်နဝါရီမှာ အငှားထွက်နိုင်ကြောင်း သတင်းတွေ ရှိထားပေမယ့် သူတို့တွေ အိုးထရက်ဖို့ဒ်မှာ ဆက်နေလိမ့်မယ်လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။