ဒီရာသီ ခြေစွမ်းရော ရလဒ်ပိုင်းပါ ကျဆင်းပြီး အဘက်ဘက်က ရုန်းကန်နေခဲ့တဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက ဆာဒီယို မာနေးကို လုံးဝ မရောင်းထုတ်ခဲ့သင့်ဘူးလို့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

ဆီနီဂေါကြယ်ပွင့်ဟာ အပိုဆုကြေးတွေ အပါအဝင် ပေါင် ၃၂.၅ သန်း နဲ့ မနှစ်က နွေရာသီမှာ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့သွားခဲ့တာပါ။ အဲ့အစား လီဗာပူးအသင်းက ဆာလာကို တစ်ပတ်ပေါင် ၄ သိန်းပေးပြီး ၃နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးက မာနေး တောင်းဆိုတဲ့ လုပ်ခကို ဘာကြောင်း မပေးခဲ့သလဲလို့ ဖာဒီနန် က မေးခွန်းထုတ်ခဲ့ပြီး ဆီနီဂေါ တိုက်စစ်မှူးအစား ဖာမင်နိုကိုသာ ရောင်းချခဲ့ရင် ပိုပြီး ပညာသားပါတဲ့ လှုပ်ရှားမှု ဖြစ်လိမ့်မယ်လို့ ၎င်းက ထင်မြင်နေတာဖြစ်ပါတယ်။

ဖာဒီနန်က “ လီဗာပူးက မာနေးကို ဆက်ထိန်းထားနိုင်အောင် သူတောင်းတဲ့ လုပ်ခ ပမာဏကို ဘာလို့ မပေးလိုက်ရတာလဲ။ သူတို့တွေ လူမှားပြီး လက်လွှတ်လိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ တကယ် ထွက်ခွင့်ပေးသင့်သူက ဖာမင်နိုဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ဖြစ်နေတဲ့သူ မာနေးကို ဆာလာလိုမျိုး သူလိုချင်ခဲ့တဲ့ စာချုပ်သာပေးရင် အသင်းမှာ ဆက်နေချင်ခဲ့တဲ့သူမျိုးကို ဘာကြောင့် လက်လွှတ်ခဲ့လဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။

လီဗာပူးပရိသတ်တိုင်းကလည်း ‘မာနေးလို အရည်အချင်းရှိတဲ့ ကစားသမားမျိုးကို ဘာလို့ လွှင့်ပစ် လိုက်ရတာလဲ’ ဆိုပြီးတော့ တွေးနေမှာပါ။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ယာဂန်ကလာ့ပ်ရဲ့ လီဗာပူး နည်းပြဘဝ ပထမဆုံး အဓိက ခေါ်ယူမှုဖြစ်ခဲ့တဲ့ မာနေးဟာ အန်ဖီးကစားသမားဘဝ ၆ ရာသီအတွင်း ပြိုင်ပွဲစုံ ၂၆၉ ပွဲမှာ ၁၂၀ ဂိုးသွင်း၊ ၄၈ ဂိုး ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။