ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး ဒီနေ့ည အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က မန်ချက်စတာယူနိုက်တက်နဲ့ ပဲလေ့စ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီနှစ်သင်း ပြီးခဲ့တဲ့လက ဆဲလ်ဟက်ပါ့ခ်မှာ တွေ့တုန်းက အဆုံးမှာ ခရစ္စတယ်ပဲလေ့စ်က သရေရလဒ် ယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ကျနော်က မန်ချက်စတာ ယူနိုက်တက် ၁-ဝ နဲ့ နိုင်မယ် မှန်းခဲ့တော့ အဲဒီ ခန့်မှန်းကလည်း မှားခဲ့တယ်။

ဒီတကြိမ်မှာ ပဲလေ့စ် အတွက် ပို ခက်မယ့် ပွဲပါ။ အိုးထရက်ဖို့ဒ်မှာ ကစားရတာတင် မဟုတ်ဘဲ ယူနိုက်တက်က ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ပွဲဆက် အနိုင်ရထားပါတယ်။

ဇာဟာကလည်း ဒဏ်ရာ ရနေတယ်။ ဒီရာသီက သူ့ရဲ့ အကောင်းဆုံး ရာသီ မဟုတ်သည့်တိုင် ပက်ထရစ် ဗီအဲရာ အသင်း အတွက်တော့ ဇာဟာ မပါနိုင်တာ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်နေဆဲပါပဲ။ ” လို့ ဆက်တန်က သုံးသပ်ထားတာပါ။

ခရစ် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-ဝ ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ စနေနေ့ည မြန်မာစံတော်ချိန် ည ၉နာရီခွဲမှာ ယှဉ်ပြိုင် ကြမှာပါ။