နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ အာဆင်နယ်ဟာ မနေ့ညက အဝေးကွင်းမှာ အက်စတွန်ဗီလာကို ၄-၂ နဲ့ အနိုင်ရပြီး တဖက်မှာ မန်စီးတီးက သရေကျခဲ့တာောကာင့် အမှတ်ပေးဇယား ပထမနေရာကို ပြန်လည် သိမ်းပိုက်သွားခဲ့ပါတယ်။

ဗီလာပါ့ခ်မှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဗီလာ – အာဆင်နယ် ပွဲက မြိုင်ဆိုင်ခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်က ဂျော်ဂျင်ဟိုရဲ့ ကန်ချက် ဘားတန်းထိပြီး ပြန်ထွက်လာရာကနေ ဒိုင်ဗင်ပစ်နေတဲ့ မာတီနက်စ်ရဲ့ နောက်စေ့ကို ထိမိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။

အာဆင်နယ်ထံ ပြောင်းလာတည်းက အခုမှ နိုင်ပွဲကို စတင်မြည်းစမ်းခွင့် ရခဲ့တဲ့ ဂျော်ဂျင်ဟိုက အခုလို ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။

“ ဒါက ပရီးမီးယားလိဂ်ပဲလေ။ ဒါကြောင့်ပဲ ကမ္ဘာအကောင်းဆုံး လိဂ်ပြိုင်ပွဲ ဖြစ်နေရတာပေါ့။ အရမ်းကို လှပပါတယ်။ အနိုင်ရခဲ့တာက သိပ်ကို အရေးကြီးပါတယ်။ ” လို့ ပွဲအပြီးမှာ ဂျော်ဂျင်ဟိုက ဖွင့်ဟခဲ့ပါတယ်။

ဂျော်ဂျင်ဟိုရဲ့ သွင်းဂိုးဟာ အာဆင်နယ် လိုအပ်နေတဲ့ မှော်ဆန်တဲ့ အခိုက်အတန့်လို့ နည်းပြ အာတီတာက ဖွင့်ဟပါတယ်။ ဒီပွဲမှာ ပထမပိုင်း မကောင်းခဲ့ပေမယ့် ဒုတိယပိုင်း တုန့်ပြန်ပြမှုတွေကို အာတီတာက ကျေနပ်နေပါတယ်။

” ကျနော်တို့ရဲ့ စရိုက်ကောင်းနဲ့ ခံနိုင်ရည် ရှိမှုကို ပြသနိုင်ခဲ့တာပါ။ ဒီပွဲမှာ သင်ခန်းစာလည်း ရခဲ့ပြီး ဒုတိယပိုင်းမှာ အခွင့်အရေးပြီးရင်း အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ မှော်ဆန်တဲ့ အခိုက်အတန့်ကို လိုအပ်နေချိန် ဂျော်ဂျင်ဟိုက ဖန်တီးပေးခဲ့တယ်။ အဝတ်လဲခန်းက သိပ်ပျော်နေပါတယ် ” လို့ အာတီတာက ဖွင့်ဟသွားတာပဲ ဖြစ်ပါတယ်။