နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီရာသီ ပြိုင်ပွဲ လေးခုလုံးမှာ ဆုဖလား အခွင့်အရေး အသက်ဝင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြားရက် က ယူရိုပါလိဂ် ပလေးအော့ဖ် ပထမအကျော့မှာ ဘာစီလိုနာနဲ့ အဝေးကွင်းမှာ ၂ဂိုးစီ သရေကျခဲ့ပြီး နောက်တစ်ပတ်မှာ အနိုင်ရရင် နောက်တစ်ဆင့် တက်ရောက်နိုင်မှာပါ။ ဒီနေ့ တနင်္ဂနွေနေ့မှာလည်း လက်စတာနဲ့ ပရီးမီးယားလိဂ် ပွဲကစားဖို့ ရှိနေပါတယ်။

ပွဲစဉ်တွေ ဆက်တိုက် ရှိလာနေပေမယ့် ယူနိုက်တက် ကစားသမားတွေက ဒီလို စိန်ခေါ်မှုတွေ ကြိုက်တယ် လို့ နည်းပြ တန်ဟက် က အခိုင်အမာ ဆိုခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြန်ပါဝင်ခွင့် ရဖို့ ဘယ်လို ကြိုးစားမယ် ဆိုတဲ့ အကြောင်းကို ဖွင့်ဟသွားပါတယ်။

“ ကျွန်တော်တို့က ဦးတည်ချက် မှန်ကန်နေပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီ အတွက် နည်းလမ်းနှစ်ခု ရှိပါတယ်။ တစ်ခုက ယူရိုပါလိဂ်ကနေ၊ နောက်တစ်ခုက ပရီးမီးယားလိဂ်ကနေပေါ့။

ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ တစ်ပွဲချင်းစီ အာရုံစိုက်ပြီးတော့ ချန်ပီယံလိဂ်ဆီ ပြန်ရောက်အောင် တိုက်ပွဲ ဝင်ရမှာပါ ” လို့ ပြောကြား ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြိုင်ပွဲလေးခုမှာ ပါဝင်နေဆဲဖြစ်ပြီး သုံးလေးရက်ကို တစ်ပွဲစီနဲ့ ပွဲတွေ ပြည့်ကြပ်နေပေမယ့် ကစားသမားတွေ ဟာ ဒီစိန်ခေါ်မှုကို သဘောတွေ့နေတယ်လို့ တန်ဟက်က ဆိုပါတယ်။

“ တနင်္ဂနွေနေ့အတွက် သူတို့ အဆင်သင့်ဖြစ်နေမှာ သေချာပါတယ်။ အသင်းက ကစားသမားတွေက ဒါကို ကြိုက်ကြ တယ်။ ပွဲကြီးတွေ ကစားရတာကို သူတို့ သဘောကျတယ်။ အဲ့လိုပွဲတွေကနေ အသင်းလိုက်ရော တစ်ဦးချင်းပါ တိုးတက်လာတယ်ဆိုတာ သူတို့ သိကြပါတယ်။

ကျွန်တော်တို့က လမ်းကြောင်းမှန်ကို ဦးတည်နေတာမို့လို့ ဒီအတိုင်း ဆက်လုပ်သွားဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ စစ်ဆေးအကဲဖြတ်ပြီး ဝေဖန်ရမယ်၊ ဘာတွေမှန်တယ် ဘာတွေမှားခဲ့တယ်ဆိုတာ ဆန်းစစ်ရမယ်၊ အရှေ့ကို ဆက်သွားရမယ်။ တနင်္ဂနွေနေ့က နောက်လာမယ့် ပွဲကြီးပါပဲ ” လို့ တန်ဟက်က ပြောကြားခဲ့တာပါ။