လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အန်ဖီးမှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒါဟာ မနှစ်က ပဲရစ်မှာ ဗိုလ်လုခဲ့တဲ့ အသင်းနှစ်သင်း ရှုံးထွက်အဆင့်မှာ တစ်ကျော့ပြန် တွေ့ဆုံခြင်း ဖြစ်ပါတယ်။

အသင်းဟာ ဒီဘက်နှစ်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့မှုတွေအတွင်း အသာစီး မရထားပါဘူး။ မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်က ဒီရာသီ လီဗာပူးရဲ့ ရုန်းကန်ရမှုတွေကြောင့် အံ့ဩရတယ်လို့ ဝန်ခံခဲ့သလို ကွာတား အဆင့်ကို ဘယ်အသင်း တက်သွားမလဲ သူ့အမြင်ကို ဖွင့်ဟသွားပါတယ်။

” လီဗာပူးက ပရီးမီးယားလိဂ် ဦးဆောင်သူ နေရာနဲ့ အရမ်းကွာနေတာကို ကျွန်တော် တကယ် အံ့ဩမိပါတယ်။ ဒါပေမယ့် လာလီဂါက ကျွန်တော်တို့ရဲ့ အခြေအနေကိုလည်း သူတို့ ပြောလို့ရပါတယ်။

လီဗာပူးအသင်းက ဘယ်အချိန်မဆို အရှိန်ပြန်ယူနိုင်ကြောင်း ကျွန်တော်တို့ သိပါတယ်။ အဲ့ဒီလို အရည်အသွေးတွေကို ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပွဲတွေမှာ သူတို့ မပြသနိုင်ဖို့ မျှော်လင့်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင့်ပြင်ထားရမှာပါ။

အမှတ်ပေးဇယားမှာ အဆင့်ရပ်တည်မှုက ဘယ်လိုပဲဖြစ်နေနေ လီဗာပူး – ရီးရဲလ်မက်ဒရစ်ပွဲဟာ ကမ္ဘာ့ဘောလုံး လောကမှာ အကောင်းဆုံး ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီလို ထိပ်တိုက် တွေ့ဆုံမှုမျိုး ပြိုင်ပွဲ အစောပိုင်း ကာလမှာတင် လာတွေ့တာက စိတ်မကောင်းစရာပါပဲ။ ဖိုင်နယ်မှာသာဆိုရင် ကြီးကျယ်တဲ့ပွဲတစ်ပွဲ ဖြစ်လာခဲ့မှာပါ၊

ပထမအကျော့နဲ့ ပတ်သက်ပြီး ခံစစ်က အဓိကဖြစ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ပွဲထဲမှာ ဂိုးတွေအများကြီး ကျွန်တော် မမြင်ဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ရီးရဲလ် အနိုင်ရဖို့ ရေပန်းစားတယ် ထင်ပါတယ်။ ကျွန်တော်တို့က နိုင်ပွဲအတွက် ရည်မှန်းပြီး အန်ဖီးကို သွားကြမှာပါ။

လီဗာပူးက ကျွန်တော်တို့ကို လက်စားချေဖို့ ကြိုးစားမယ်ဆိုတာ နားလည်ထားပါတယ်။ နှစ်သင်းကြား နောက်ဆုံး တွေ့ဆုံမှုရလဒ်တွေအရ ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က အဆင်သင့် ဖြစ်နေမှာပါ။

စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲနှစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါက စပိန်နဲ့ အင်္ဂလန်က အသင်းကောင်းနှစ်သင်း တွေ့တဲ့အခါ အမြဲတမ်း ဖြစ်နေကျပါတယ်။ ကျွန်တော်တို့ နောက်တဆင့် တက်လိမ့်မယ်လို့ ယုံကြည်မှုရှိပါတယ် ” လို့ မိုဒရစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။