မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့်က ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် စိန်ခေါ်မယ့် အသင်းလို့ ထည့်တွက်ဖို့ စောသေးတယ်လို့ မနေ့ညက လက်စတာကို နိုင်တဲ့ ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားပါတယ်။

ရက်ဖို့ဒ်ဟာ မနေ့ညက လက်စတာကို အနိုင်ရတဲ့ပွဲမှာ ၂ဂိုး သွင်းပြီး ဒီရာသီ သူ့ရဲ့ ၂၃ ဂိုးနဲ့ ၂၄ ဂိုးမြောက် သွင်းဂိုးတွေ ရယူသွားခဲ့ပါတယ်။

ပွဲအပြီးမှာ ရက်ဖိုဒ့်က ” အားလုံးကို ခြုံကြည့်မယ်ဆိုရင် နေ့ရက်ကောင်း တစ်ရက်ပဲ ဖြစ်ပါတယ်။ လက်စတာကလည်း အခွင့်အရေးကောင်းတွေ ဖန်တီးခဲ့ပါသေးတယ်။ ဒေးဗစ်က ပထမပိုင်းအတွင်း ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ပေး ခဲ့ပါတယ်။ သူ့ရဲ့ ကာကွယ်မှုတွေ မပါခဲ့ရင် ကျနော်တို့ နိုင်ပွဲရမှာ မဟုတ်ပါဘူး။

ဘာတွေဖြစ်လာမလဲ ပြောရအောင် ဘောလုံးရာသီက အစောကြီး ရှိပါသေးတယ်။ ကျနော်တို့ ကိစ္စတွေ အများကြီး အတွက် ယှဉ်ပြိုင်နေတာပါ။ ဒီအပတ်ထဲမှာ နောက်ထပ် ပွဲကြီး ၁ ပွဲ ကစားရဖို့ ရှိနေပါတယ်။ ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်ကို တက်နိုင်ဖို့လည်း မျှော်လင့်ထားတယ်။

အမှတ်ပေးဇယားမှာ ကျနော်တို့ နေရာကောင်းမှာ ရှိပေမယ့် အရှေ့က နှစ်သင်းလုံးက အသင်းကောင်းတွေဖြစ်ပြီး အကောင်းဆုံး ကစားနေကြတယ်။ ကျနော်တို့ ကိုယ့်ဘာသာ အာရုံစိုက်ဖို့နဲ့ ရနိုင်သလောက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ကိုပဲ ကြိုးစားရမှာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက နိုင်ပွဲ အပြီးမှာ ယူနိုက်တက်ဟာ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးနောက် ၃ မှတ်အကွာ၊ ဇယားထိပ်က အာဆင်နယ်နောက် ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်မယ့် အသင်း တစ်သင်းအဖြစ် သုံးသပ်ခံရမှုတွေ ရှိလာနေတယ်။