မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲ မကစားရဘဲ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ရဖို့ ရှိနေပါတယ်။

ယူနိုက်တက် ဟာ နယူးကာဆယ် အသင်းနဲ့ ဖလား လုရမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ၊ ဝင်ဘာလေကွင်းကြီး မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားကြမှာ ဖြစ်ပါတယ်။

ဒီပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဆက်တန် က ” ယူနိုက်တက်က စည်းချက်ညီညီ ကစားနေတဲ့အသင်းဖြစ်လို့ တန်ဟက်ကို ချီးကျူးရမှာပါ။ ဒါပေမယ့် ဒီပွဲက အများမျှော်လင့်ထားသလို လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။

ဂိုးသမား နစ်ပုပ် မပါဘဲ တတိယဂိုးသမား လိုရစ် ကာရီးယပ်နဲ့ ကစားရမှာဖြစ်လို့ လူတိုင်းက နယူးကာဆယ်ကို လျှော့တွက်ထားကြပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ် ဖိုင်နယ်က ကာရီးယပ်ကို အားလုံး သိကြပါတယ်။

အဲ့ဒီတုန်းက သူ့အတွက် ခံစားခဲ့ရပေမယ့် အခုတကြိမ်ကတော့ သူ့နာမည်ကို အဖတ်ပြန်ဆယ်ဖို့ အခွင့်အရေးပါ။ ဝင်ဘာလေ မှာ သူရဲကောင်းဖြစ်ပြီး အနိုင်ရဖို့ဆိုတာ နတ်သမီးပုံပြင်လို ထင်ရပါတယ်။ မဖြစ်နိုင်သလောက် ဆိုပေမယ့် မဖြစ်လာဘူး ယတိပြတ် ပြောလို့လည်း မရပါဘူး။

မားကပ် ရက်ဖို့ဒ်က အခုချိန်မှာ ယူနိုက်တက်အတွက် မယုံနိုင်ဖွယ် ခြေစွမ်းကောင်း ပြသနေတယ်။ ဒါကြောင့် ဒီပွဲမှာ နယူးကာဆယ်ကို အောက် အသင်းလို့ပဲ သတ်မှတ်ရမှာပါ။

လက်စတာနဲ့ပွဲမှာ တန်ဟက်ရဲ့အသင်းက နည်းနည်း ကံကောင်းခဲ့တယ်။ ကြားရက်မှာ မန်ယူနိုက်တက်က ဘာစီလိုနာနဲ့ ကစားခဲ့ရတဲ့အချိန် နယူးကာဆယ်က တစ်ပတ်လုံး နားထားရပါတယ်။ ဒီပွဲက အချိန်ပိုထိ ဆက်ရနိုင်ပြီး အဆုံးသတ်မှာ ကာရီးယပ်က အဆုံးအဖြတ် ဖြစ်သွားလောက်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်း ရလဒ်က မန်ချက်စတာ ယူနိုက်တက် ၁-၁ နယူးကာဆယ် ဖြစ်ပြီး အချိန်ပိုကစားကာ ပင်နယ်တီ အဆုံးအဖြတ် မှာ နယူးကာဆယ် နိုင်မယ်လို့ ဆိုထားပါတယ်။