ချယ်ဆီးအသင်းဟာ ဒီရာသီ ပေါင် သန်း ၆ဝဝ လောက်ထိ သုံးစွဲကာ ကစားသမား များစွာ ခေါ်ယူလိုက်ပြီးနောက် အသင်း အဝတ်လဲခန်းမှာ သက်ရောက်မှုတွေ ရှိနေတယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။ ချယ်ဆီး ကစားသမားတွေဟာ သူတို့ ရောင်းချခံရမှာကို စိုးရိမ်နေကြတာပါ။

ချယ်ဆီးရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ အသုံးစရိတ်က လာလီဂါ၊ စီးရီအေ၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးဝမ်း ကလပ်အားလုံးပေါင်း သုံးစွဲမှု ပမာဏထက်တောင် ပိုများပြားနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ချယ်ဆီးမှာ ရှိနေတဲ့ အင်္ဂလန်သားတွေဟာ အနောက်လန်ဒန် ကလပ်မှာ လူစာရင်း အဝင်အထွက် ဟန်ချက်ညီအောင် လုပ်ဖို့ နွေရာသီမှာ ရောင်းချခံရမှာနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။

ချယ်ဆီးနဲ့ မေဆန်မောင့်ကြား စာချုပ်သစ် ဆွေးနွေးညှိနှိုင်းမှုကို နွေရာသီအထိ ဆိုင်းငံ့ထားတယ်ဆိုတဲ့ သတင်းအပြီး ဒီသတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။ ရေရှည်ဗျူဟာ တည်ဆောက်ဖို့အတွက် တန်ကြေးများပြားတဲ့ ကစားသမားသစ် တွေကို ကစားချိန် ဦးစားပေးမှာပဲဆိုတဲ့ ခံစားမှုကလည်း ရှိနေတာပါ။

ဒေးလီမေးလ်ရဲ့ သတင်းရင်းမြစ်ကတော့ “ ကျွန်တော်ရထားတဲ့ သတင်းတွေအရ ပေါ်တာက ကစားသမားတွေကို စကား အများကြီး ပြောလေ့ မရှိဘူး။ သူက စကားများများ ပြောတတ်တဲ့ စတိုင် မဟုတ်ဘူး။

အသင်းမှာ မျက်နှာသစ်တွေ အများကြီးရှိပြီး မတူညီတဲ့ ဘာသာစကားတွေ ပြောကြတယ်။ ပေါ်တာကိုယ်တိုင် ဒီကိုရောက်တာ မကြာသေးတာကြောင့် သူ့ရဲ့ စိတ်ကူးတွေကို အသင်းသားတွေထဲ ကူးထည့်ပေးဖို့ ခက်ခဲပါလိမ့်မယ်။ လွယ်ကူမှာ မဟုတ်ဘူး ” လို့ ဆိုပါတယ်။

အသင်းပိုင်ရှင် တော့ဒ်ဘိုလေဟာ လက်ရှိ ချယ်ဆီး အသင်း ရလဒ်တွေ ဆိုးနေသည့်တိုင် နည်းပြ ဂရေဟမ်ပေါ်တာကို အပြည့်အဝ ထောက်ခံနေဆဲဖြစ်ပြီး အချိန်တစ်ခု ပေးသွားမှာ ဖြစ်ပါတယ်။