စပါးနဲ့ ပွဲကို ရှုံးပြီးတဲ့နောက် ချယ်ဆီးမှာ ဂရေဟမ်ပေါ်တာရဲ့ အနာဂတ် အပေါ် မေးခွန်းထုတ်မှုတွေ တိုးလာသလို လီဗာပူးနည်းပြ ယာဂန် ကလော့ပ်ကို ချယ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုးလီက သဘောကျနေတဲ့အကြောင်း အချိန်ကိုက် ဆိုသလို သတင်း ထွက်လာခဲ့ပါတယ်။

ပေါ်တာဟာ ချယ်ဆီးအသင်းထံ ၅နှစ်စာချုပ်နဲ့ ပြောင်းလာပြီးနောက် ၆လ မကြာသေးတဲ့ အချိန်မှာပဲ များစွာသော ဖိအားတွေ အောက် ရောက်နေတာပါ။ အခုဆိုရင် သူတို့ဟာ ဇန်နဝါရီအတွင်း ပေါင်သန်း၃၀၀ ကျော် သုံးခဲ့ပေမယ့်လဲ ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဇယား အောက်ဆုံးက ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ပွဲအပြီး တည်းက ပရိသတ်တွေဟာ ပေါ်တာထံ မြှားဦးလှည့် လာခဲ့ကြသလို တချို့က သူ့ကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒါပေမယ့် ပေါ်တာ အနည်းဆုံးတော့ အခုချိန်ထိ ကလပ်ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားဆဲဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

လီဗာပူးမှာ ယာဂန်ကလော့ပ်ရဲ့ အောင်မြင်မှုနဲ့ အာတီတာလက်အောက် အာဆင်နယ်ရဲ့ တိုးတက်မှုတွေဟာ ပေါ်တာကို အချိန် ဆက်ပေးဖို့ ချယ်ဆီးအသင်းပိုင်ရှင်တွေကို ဆွဲဆောင်နေခဲ့တာဖြစ်ပါတယ်။

အသင်း ပြန်လည် တည်ဆောက်မှုက အချိန်ပေးရတယ်ဆိုတဲ့ ဥပမာအနေနဲ့ အာဆင်နယ်မှာ အာတီတာရဲ့ ကနဦး ရုန်းကန်ရမှုတွေကို မြင်နေတာဖြစ်ပါတယ်။

ယာဂန်ကလော့ပ်ဟာ လီဗာပူးကို မန်စီးတီးနဲ့ တန်းတူ စိန်ခေါ်လာနိုင်တဲ့အထိ ၃ရာသီကြာ အချိန် ယူခဲ့ရတာပါ။ ချယ်ဆီးက လီဗာပူးမှာ ယာဂန်ကလော့ပ် တည်ဆောက်ခဲ့တဲ့နည်းလမ်းကို သဘောကျနေ ပါတယ်။

ကလော့ပ်နဲ့ အာတီတာတို့ဟာ ကလပ်တွေမှာ ပထမရာသီတွေအတွင်း အဆင့် ၈ ရခဲ့ပြီးနောက် သူတို့ လိုချင်တဲ့ပုံစံကို အံဝင်အောင် ဆွဲသွင်းပြီးတာနဲ့ သိသာတဲ့တိုးတက်မှုတွေ တွေ့မြင်လာခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်ဆီးက ဇယားအောက်ကို ဆက်ကျဆင်းနေရင် ပေါ်တာက အဆိုပါ အချိန် အတိုင်းအတ တွင်း အလားတူ လုပ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးမှာ အခြေပျက်လာတဲ့ ကလော့ပ်ကို တော့ဒ်ဘိုးလီက ဝင်စည်းရုံးမလား ဆိုတာလည်း စောင့်ကြည့်စရာ ဖြစ်လာပါတယ်။

ချယ်ဆီးဟာ အခုချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာထက် တန်းဆင်းဇုန်နဲ့ ပိုနီးနေတာဖြစ်ပြီး စတန်းဖို့ဒ် ဘရစ်ချ်မှာ တိုးလာတဲ့ မကျေနပ်မှုတွေကို ချေမှုန်းနိုင်ဖို့ နိုင်ပွဲတစ်ပွဲ အသည်းအသန် လိုအပ်နေပါတယ်။