မန်ချက်စတာ ယူနိုက်တက်ဟာ ဝင်ဘာလေမှာ နယူးကာဆယ်ကို အနိုင်ရခဲ့ခြင်းဟာ ကာရာဘောင်းဖလား အောင်မြင်ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမ ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ကက်စမဲရိုးနဲ့ ရက်ဖိုဒ့်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နယ်သာလန်သား နည်းပြကြီး တန်ဟက်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်တို့ စိန်ခေါ်နေတဲ့ ဆုလား ၄ ခုထဲက တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ မေးခွန်း တစ်ခု ထွက်နေတာက ကမ္ဘာ့ဖလား ကာလအတွင်း ယူနိုက်တက်နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တဲ့ ရော်နယ်ဒိုက ကာရာဘောင်း ချန်ပီယံ ဆုတံဆိပ်ကို လက်ခံရရှိမှာလား ဆိုတာပါပဲ။

ဗြိတိန်သတင်းဌာနဖြစ်တဲ့ Mirror ကတော့ ဒါဟာ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပြီး ကလပ်ဘက်က ပေးလိုရင် ပေးခွင့်ရှိတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ ယူနိုက်တက်ရဲ့ ကာရာဘောင်း ပွဲစဉ် ၆ ပွဲအတွင်း ၁ ပွဲမှ ပွဲမထွက်ခဲ့ပါဘူး။ ဒါပေမယ့်လို့ လိဂ်ရဲ့ စည်းမျဉ်းအရ သူဟာ ဆုတံဆိပ် ရပိုင်ခွင့်ရှိတဲ့ ကစားသမား စာရင်းထဲ ပါဝင်နေပြီး ယူနိုက်တက်ဘက်က ပေးအပ်မယ်ဆိုရင် လက်ခံယူဖွယ် ရှိပါတယ်။

လက်ရှိ အယ်နာဆာမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ပထမဆုံး မန်ချက်စတာ ကစားသမား ကာလအတွင်းမှာ ကာရာဘောင်း ချန်ပီယံဆုကို ၂ ကြိမ် အနိုင်ရခဲ့ဖူးပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အတွင်းရေးတွေ ဖွင့်ချခဲ့ပေမယ့် ကလပ်ကို ပိုကောင်းစေချင်တဲ့ ဆန္ဒကိုတော့ မြင်သာစေခဲ့ပါတယ်။

ရော်နယ်ဒို ကိုယ်တိုင်ကလည်း ကလပ်နဲ့ သူ့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးအရ တစ်ကျော့ပြန် ယူနိုက်တက် ကစားသမားဘဝအတွက် အမှတ်တရ တစ်ခုခုကို သူ့ရဲ့ ဆုဖလား ပြခန်းထဲမှာ အပိုင်သိမ်းထားဖို့ မျှော်လင့်နေမယ်လို့ ယူဆရတာ ဖြစ်ပါတယ်။