ရာသီကုန် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အနိုင်ရဖို့ ရေပန်းစားမှုမှာ ဟာလန်းက အရင်လို့ အမြင့်ဆုံး အဆင့်မှာ ရှိမနေတော့ဘူးလို့ ထုတ်ပြောမှု ထွက်ပေါ်လာပါတယ်။

နော်ဝေသားဟာ ဒေါ့မွန်ကနေ နွေရာသီမှာ ပြောင်းလာပြီးကတည်းက အီတီဟဒ်မှာ တောက်ပတဲ့ စတင်မှုကို ရရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၂၇ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၃၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဒါဟာ မန်စီးတီး သမိုင်းမှာ ဘယ်တိုက်စစ်သမားမှ မလုပ်နိုင်ထားတဲ့ သွင်းဂိုး မှတ်တမ်း ဖြစ်ပါတယ်။

ဒီစံချိန်ကြောင့် ဟာလန်းဟာ ရာသီကုန်ရင် ရွှေဖိနပ်ဆုရဖို့လည်း အလားအလာ ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးတိုက်စစ်မှူးဟာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကိုတော့ ရမှာ မဟုတ်တော့ဘူးလို့ ကာရေဂါက မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

“ ဟာလန်းကို ဘေးဖယ်ထားရင် မားကပ် ရက်ဖို့ဒ်က ပြီးပြည့်စုံတဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူး တစ်ယောက်ရဲ့ ခြေစွမ်းတွေကို ထုတ်ပြနေတာပါ။ မဲပေးမှုကို ဒီတစ်ပတ်မှာ လုပ်ရင် ယူနိုက်တက် တိုက်စစ်မှူးက သေချာပေါက် ထောက်ခံမှု အများဆုံး ရပါလိမ့်မယ်။

ဟာလန်းက မန်စီးတီးကို ရောက်လာပြီးကတည်းက ခြေစွမ်းပြနေတာဖြစ်ပြီး ရွှေဖိနပ်ဆု ရဦးမှာပါ။ တန်ဟက် လက်အောက် ရက်ဖို့ဒ်ရဲ့‌ ခြေစွမ်းကလည်း နောက်တဆင့်ကို ရောက်နေပါပြီ။ သူ့ရဲ့အဘက်ဘက်က ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေက လက်ရှိမှာ ဟာလန်းထက် ပိုမိုသာလွန်နေပါတယ် ” လို့ ကာရေဂါက ဆိုပါတယ်။

ဟာလန်းထက် ရက်ဖို့ဒ်ကို ပိုကောင်းတယ်လို့ ထင်ရတဲ့ အကြောင်းပြချက်က သူ့အသင်းဖော်တွေနဲ့ နားလည်မှုကြောင့်ဖြစ်တယ်လို့ ကာရေဂါက ပြောပြခဲ့ပါတယ်။
ဂိုးမသွင်းနိုင်တဲ့ အချိန်မှာ ဟာလန်းဟာ ပွဲအပေါ် အကျိုးသက်ရောက်မှုပေးဖို့ ရုန်းကန်နေရချိန် ရက်ဖို့ဒ်ကတော့ ပုံမှန် ခြိမ်းခြောက်မှု ပေးနေနိုင်ပါတယ်။

ဒီရာသီ သွင်းဂိုး ၂၄ ဂိုး ရယူထားတဲ့ ရက်ဖို့ဒ််ဟာ ဖန်တီးမှုအပိုင်းမှာ ဟာလန်းထက် ပိုလုပ်ထားနိုင်ခဲ့တာပါ။ အင်္ဂလန်သားဟာ ဒီရာသီ ဖန်တီးမှု ၁၀ ကြိမ် ရရှိခဲ့ပြီး ဟာလန်းကတော့ ၄ကြိမ်သာ ရရှိထားပါတယ်။

“ ရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ၂၄ ပွဲအတွင်း ဟာလန်းထက် ပေးပို့မှု အကြိမ် ၂၀၀ ကျော် လုပ်ခဲ့ပါတယ်။ ဒါက သူတို့အသင်းဖော်တွေနဲ့ ဘယ်လိုမျိုး ချိတ်ဆက် ကစားတယ် ဆိုတဲ့ အပေါ် ကွာခြားမှုကို မီးမောင်းထိုးပြနေတာပါ ” လို့ ကာရေဂါက ပြောကြားခဲ့တာ ဖြစ်ပါတယ်။