မနေ့ညက ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်အသင်းကို ၂-ဝ နဲ့ အနိုင်ယူကာ ကာရာဘောင်းချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။

ဒီဆုဖလားဟာ ယူနိုက်တက် အတွက် ၂၀၁၇ နောက်ပိုင်း ပထမဆုံးသော ဆုဖလားလည်း ဖြစ်လာခဲ့ပြီး ၆ နှစ်ကျော်ကြာ ဖလားလက်မဲ့ ကာလကို အဆုံးသတ်နိုင်လိုက် ပါတယ်။ ယူနိုက်တက်ဟာ ကရာဘောင်း ပြီးနောက် ဒီရာသီ အခြား ဆုဖလားတွေ ရယူနိုင်ခြေလည်း ရှိနေပါသေးတယ်။

သရဲနီဟောင်းကြီး ရွိုင်ကိန်း က နည်းပြ တန်ဟက်ဟာ ယူနိုက်တက်ရဲ့ ပြသနာတွေကို ကာလတို အတွင်း ဖြေရှင်းပြီး ဆုဖလား ယူပေးနိုင်ခဲ့တာကို အသိအမှတ်ပြု ချီးကျူးလာခဲ့ပါတယ်။

ရွိုင်ကိန်း ဟာ ဒီတလောနှစ်တွေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လိုအပ်ချက်တွေကို မညှာတမ်း ဝေဖန် ထောက်ပြ လာသူ တစ်ဦး ဖြစ်ပါတယ်။ ဒီတပတ် ကာရာဘောင်း ဖလား ယူပြပြီးချိန်မှာတော့ ရွိုင်ကိန်း က ခပ်ပါးပါး ချီးကျူးလာခဲ့တာပါ။

ရွိုင်ကိန်း က ” တန်ဟက်က ကလပ်ကို ပြန်တည်ဆောက်နေပြီး နည်းနည်းလေး ပြည့်စုံလာနေတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကျနော် သူတို့ကို အများကြီး ဝေဖန်ခဲ့တယ်။ သူတို့က အသင်း တစ်သင်း ပုံစံ မဟုတ်ခဲ့ဘူး။ အတူတကွ မကစားနိုင်ဘူး။ ကွင်းတွင်း ကွင်းပြင် ပြဿနာတွေ ချည်းပါပဲ။

ဒီမန်နေဂျာက ကာလတို အတွင်းမှာ ဒါတွေကို ဖြေရှင်းပြီး အံ့မခန်း လုပ်ပြခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက် ရဲ့ လူသစ် ခေါ်ယူမှုတွေ ကောင်းမွန်တယ်။ အကောင်းဆုံး ကစားပြီး ပရိသတ်တွေက အသိအမှတ် ပြုကြပါတယ်။

သူတို့ ရှေ့မှာ အများကြီး ကြိုးစားရဦးမှာပါ။ လာမယ့်နှစ်တွေမှာ ဆုဖလားတွေ အောင်မြင်ရေး အားထုတ်ရမှာ ဖြစ်တယ်။ ယူနိုက်တက်အတွက် ကစားပေးနေရင် ဆုဖလားတွေကို စိန်ခေါ်ရပါမယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် သရဲနီဟောင်းကြီး တစ်ဦး ဖြစ်တဲ့ နဗီးလ်ကလည်း အရင် ၆ လ လောက်က သူတို့ စိတ်တောင် မကူးခဲ့တဲ့ ကိစ္စတွေကို တန်ဟက်က လုပ်ပြနေပြီလို့ ချီးကျူးစကား ဆိုခဲ့ပါသေးတယ်။