မန်ချက်စတာ ယူနိုက်တက် ဟာ ဒီည ကာရာဘောင်း ဖလား ဖိုင်နယ်မှာ ပထမဦးစားပေး ဂိုးသမား နစ်ပုပ် မပါတဲ့ နယူးကာဆယ်အသင်းကို သေချာပေါက် အနိုင်ရနိုင်မယ်လို့ ရီယို ဖာဒီနန်က အခိုင်အမာ ဆိုခဲ့ပါတယ်။

ကာဆယ် ပွဲထွက် ဂိုးသမား နစ်ပုပ်ဟာ လီဗာပူးကို ရှုံးခဲ့တဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဝင်ဘာလေက ဗိုလ်လုပွဲကို လွဲချော်ခဲ့ရတာပါ။ ဒုတိယဦးစားပေး ဂိုးသမား ဒူဘရက်ကာကလည်း ကစားခွင့် မရတာနဲ့အတူ လိုရစ် ကာရီးယပ် ဒါမှမဟုတ် မက်ခ် ဂီလက်စ်ပိုင်က ပထမဆုံး ပွဲကစားခွင့် ရနိုင်ပါလိမ့်မယ်။

ဒီဖလားကို အောင်မြင်ဖို့ ဘာတွေလိုအပ်လဲဆိုတာ ကာရာဘောင်းဖလား ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖူးခဲ့တဲ့ ဖာဒီနန်က ကောင်းကောင်း သိသူပါ။ ဖာဒီနန်ကတော့ ယူနိုက်တက်ကပဲ ဒီပွဲကို အနိုင်ရကာ တန်ဟက် လက်ထက် ပထမဆုံး ဖလားကို ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

“ ဒီတစ်ပတ် ဝင်ဘာလေက ကာရာဘောင်းဖိုင်နယ်ပွဲမှာ ကျွန်တော် ရှိနေမှာပါ။ နယူးကာဆယ်တော့ အဆော် ခံရတော့မှာပဲ။ ဘာစီလိုနာနဲ့ ပွဲကို ၂-၁ လို့ ကျွန်တော်ပြောခဲ့တာ မှန်သွားတယ်။ နယူးကာဆယ်နဲ့ပွဲကို ၂-၀ လို့ ထင်ပါတယ်။

နစ်ပုပ် မပါဘူး။ နယူးကာဆယ်က ခြေစွမ်းပျောက်နေတယ်။ မန်ယူနိုက်တက်က ခြေစွမ်းပြနေတယ်။ ကျွန်တော်တို့က အခုချိန်မှာ အထွဋ်အထိပ်ကို ရောက်နေတာပါ။ ဒါပေမယ့် သိပ်ပြီး ဘဝင်မမြင့်နေပါဘူး။ ဝင်ဘာလေမှာ တွေ့ကြမယ်”လို့ ဖာဒီနန်က ဆိုပါတယ်။

နယူးကာဆယ်က ပုပ် မပါပဲ ကစားရမှာဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ ကစားသမား တချို့ကလည်း ဒီပွဲကို လွဲချော် သွားရနိုင်ပါတယ်။ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ သေချာပေါက် မပါသလို ဘာစီလိုနာနဲ့ပွဲအပြီး ဒဏ်ရာရခဲ့ပုံပေါ်တဲ့ မားကပ်ရက်ရှ်ဖို့ဒ်ကတော့ စောင့်ကြည့်နေရဦးမှာပါ။

ရက်ဖိုဒ့် ဒဏ်ရာနဲ့ ပတ်သက်ပြီး တန်ဟက်ကတော့ “ ကျွန်တော်မသိဘူး။ ဒါကြောင့် ကျွန်တော်တို့ဆေးအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးရဦးမှာပါ။ မနေ့က ကျွန်တော်တို့ စစ်ဆေးမှု လုပ်ခဲ့ပေမယ့် ပွဲပြီးပြီးချင်းတော့ ပြောလို့မရသေးဘူး။ ၁၀၀ ရာခိုင်နှုန်း စစ်ဆေးပြီးဖို့ စောင့်ရဦးမှာပါ ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။