မန်ချက်စတာစီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ မြို့ခံ ပြိုင်ဘက် ယူနိုက်တက်က ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်သွားတဲ့ အပေါ် ဂုဏ်ပြုရင်း ခပ်ပါးပါးပုတ်ကာ ရိထေ့သွားခဲ့ပါသေးတယ်။ စပိန်သားကြီးက ဒီလောက် ငွေသုံးမှတော့ ဖလား ၁ လုံးတော့ ရမှာပေါ့ ဆိုတဲ့သဘော ပြောသွားခဲ့တာပါ။

နည်းပြတန်ဟက်ရဲ့ အသင်းက ဝင်ဘာလေမှာ နယူးကာဆယ်ကို ၂-၀ ဖြင့် အနိုင်ယူပြီး ဖလားရခဲ့တာပါ။ ၎င်းတို့ဟာ ဒီရာသီမှာ အက်ဖ်အေ၊ ယူရိုပါလိဂ် အပြင် ပရီးမီးယားလိဂ်မှာလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

မြို့ခံပြိုင်ဘက်အသင်း ဒီရာသီ ဆုဖလား ၁ လုံး စတင် ရရှိသွားတဲ့ အပေါ် ဂွာဒီယိုလာက ” ယူနိုက်တက်ကို ဂုဏ်ပြုပါတယ်။ အနှေးနဲ့ အမြန်တော့ သူတို့ ဖလားရသင့်တာပဲလေ။ ဂုဏ်ပြုပါတယ်။ ” လို့ ဂုဏ်ပြုစကား ဆိုခဲ့တယ်။

ယူနိုက်တက်က ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့အသင်း အဖြစ် စဉ်းစားသင့်ပြီးလားလို့ မေးခံရချိန်မှာ ဂွာဒီယိုလာက ထေ့လုံးလေးနဲ့ အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

” သူတို့ အသုံးစရိတ်လေး နည်းနည်းပိုသုံးမယ်ဆိုရင်ပေါ့။ ဟုတ်တယ်လေ။ သူတို့က ငွေမှ သိပ်မသုံးတဲ့ အသင်းဟာကို မဟုတ်ဘူးလား? ဒါက သူတို့ ရောက်သင့်တဲ့ နေရာပါပဲ။ ”

ခပ်ထေ့ထေ့ စကားတွေနဲ့ ယူနိုက်တက်ကို လှောင်ပြောင်ခဲ့ပေမယ့် ဂွာဒီယိုလာက နည်းပြ တန်ဟက်ကိုတော့ အမှန် တကယ် ချီးကျူးခဲ့ပါတယ်။ နယ်သာလန်သားဟာ မန်ချက်စတာ ယူနိုက်တက်မှာ အကောင်းဆုံး အလုပ်လုပ်နေတယ်လို့ သူက မြင်ပါတယ်။

” ကျနော်တို့ ကာရာဘောင်းဖလား ပထမဆုံး အကြိမ် အနိုင်ရတုန်းက လူတိုင်း စိတ်လှုပ်ရှားနေတာ မှတ်မိပါတယ်။ ဝန်ထမ်းက အသစ်တွေ၊ ကစားသမားက အသစ်တွေ။ ကျနော်တို့ ကာရာဘောင်းဖလား ၄ ကြိမ်ဆက် အောင်မြင်ခဲ့တယ်။

ယူနိုက်တက် အောင်မြင်တာက ပုံမှန်ပါပဲ။ ယူနိုက်တက်က အမြဲတမ်း ဆုဖလား စိန်ခေါ်နိုင်သင့်တာပါ။ သူတို့မှာ ရှိနေတဲ့ သမိုင်းကြောင်းအရ အဲရစ်က မယုံနိုင်စရာတွေ လုပ်နေပါတယ်။ သူတို့ အတူတကွ ကြိုးစား အားထုတ်နေကြတာကို မြင်နေရပါတယ်။ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။