မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ဖလားတစ်လုံး အောင်မြင်ခဲ့ပေမယ့် ဒါဟာ လိဂ်ဖလားလေးသာ ဖြစ်တယ်လို့ သရဲနီတွေကို ဂန်းနားဟောင်းကြီး ကီယွန်က သတိပေးခဲ့ပါတယ်။

သရဲနီတွေရဲ့ ၆နှစ်တာ ဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ကီယွန်ကတော့ သိပ်ပြီး အထင်မကြီးသေးပါဘူး။ ယူနိုက်တက်ဟာ ကာရာဘောင်းပြိုင်ပွဲ ရင်ဆိုင်ရတဲ့ ပြိုင်ဘက် ၆ သင်းထဲမှာ ထိပ်တန်းအသင်း တစ်သင်းမှ မပါခဲ့ဘူးလို့ သူက မြင်ပါတယ်။

“ လူတွေက မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး အရမ်းကြီး အမွှမ်းတင်နေကြတယ်။ ယူနိုက်တက် ပရိသတ်တွေကတော့ ‘ကီယွန်ကြီး ငါတို့အသင်းအကြောင်း မကောင်းပြောပြန်ပြီ’ လို့ ထင်ကြမှာပေါ့။ ဒါပေမယ့် သူတို့ရတဲ့ ဖလားနဲ့ သူတို့အနိုင်ရတဲ့ ပြိုင်ဘက်ကို ကြည့်ပါဦး။

သူတို့ ဘန်လေကို အိမ်ကွင်းမှာ အနိုင်ရတယ်၊ ချာလ်တန်ကို အိမ်ကွင်းမှာ အနိုင်ရတယ်။ ဇယားအောက်ခြေမှာ ရှိနေချိန် ဖောရတ်ကို အနိုင်ရတယ်။ ဒါတွေက အကောင်းဆုံးအသင်းတွေ မဟုတ်ပါဘူး။ အဲ့ဒါတွေကို ကျော်ဖြတ်ပြီးတော့ အခု သူတို့ ချန်ပီယံဖြစ်တယ်။ ကာရာဘောင်းဖလား ရခဲ့ပါတယ်” လို့ မာတင်ကီယွန်က ဆိုပါတယ်။

ယူနိုက်တက်ဟာ ကာရာဘောင်းဖလား တတိယအဆင့်မှာ အက်စ်တွန်ဗီလာကို ၄-၂၊ စတုတ္ထအဆင့်မှာ ဘန်လေကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ ချာလ်တန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ နော်တင်ဟမ် ဖောရတ်နဲ့ တွေ့ခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေလားကိုတော့ ကီယွန်က “ လူတွေက ယူနိုက်တက်ရဲ့ ဖလားလေးလုံးအကြောင်း ပြောနေကြတယ်။ ဒီ ၆ ပတ် ကာလကို စောင့်ကြည့်ကြတာပေါ့။ သူတို့တွေ ဆက်ပြီး အနိုင်ရနေမယ်ဆိုရင် ဖလားအတွက် တိုက်ပွဲဝင်နိုင်တယ် ဆိုတာ သံသယဖြစ်စရာ ရှိတော့မှာ မဟုတ်ပါဘူး။

သူတို့မှာ အသင်းစိတ်ဓာတ်ရှိတယ်။ ခေါင်းဆောင်တွေရှိတယ်။ ရဲရင့်မှုကို မြင်တွေ့ရတယ်။ ဒါပေမယ့် အခုမှ ဖလားတစ်လုံး၊ လိဂ်ဖလားလေးပဲ ရသေးတာပါ ” လို့ ကီယွန်က သတိပေးစကား ပြောခဲ့ပါတယ်။

သရဲနီတွေရဲ့ နောက်လာမယ့်ပွဲဟာ ဝက်စ်ဟမ်းနဲ့ အက်ဖ်အေဖလားပွဲ ဖြစ်ပြီး နောက်ထပ် ဖလားတစ်လုံး အနိုင်ယူရေး အရေးပါတဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်လာပါလိမ့်မယ်။