ယူနိုက်တက်ရဲ့ တိုက်စစ်ကြောင်းမှာ မားကပ် ရက်ဖို့ဒ် အံ့အားသင့်ဖွယ် ဂိုးသွင်းခြေစွမ်း ပြနေပေမယ့် နွေမှာ တိုက်စစ်မှူး အသစ်တစ်ယောက် ခေါ်ယူဖို့ လိုအပ်မယ်လို့ နည်းပြတန်ဟက်ကို ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အကြံပေးလိုက်ပါတယ်။

မန်ယူနိုက်တက် ဂန္တဝင် နည်းပြ ဆာအဲလက်စ် ဖာဂူဆန်ဟာ တနင်္ဂနွေနေ့ ဝင်ဘာလေကွင်းမှာ အသင်းဟောင်းရဲ့ ကာရာဘောင်းဖလား အောင်မြင်မှုကို ပွဲကြည့်စင်ကနေ ကြည့်ရှုအားပေးခဲ့တာပါ။ စကော့သားကြီးဟာ နည်းပြ အဲရစ်တန်ဟက်ကို နည်းဗျူဟာ အကြံတချို့ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရက်ဖို့ဒ်ရဲ့ ကစားသမားဘဝ အကောင်းဆုံး ဂိုးသွင်းမှတ်တမ်းအဖြစ် ပြိုင်ပွဲစုံ ၂၅ဂိုး ရရှိထားမှုကို ဖာဂူဆန်က အားရကျေနပ်နေတယ်။ ဒါပေမယ့် ဂိုးတွေမှာ ပိုပြီး ပါဝင်ကူညီပေးဖို့ နောက်ထပ် တိုက်စစ် ကစားသမား လိုအပ်တယ်လို့ သတိပေးခဲ့ပါတယ်။

“ ရက်ဖို့ဒ်က တိုက်စစ်မှူး တစ်ယောက်လို့ ကျွန်တော် မထင်ဘူး။ သူက ဘယ်တောင်ပံကနေ ခြေစွမ်းပြသခဲ့တာပါ။ သူ့ရဲ့ အဆုံးသတ်ပိုင်းက အမြဲတမ်း ကောင်းမွန်တယ်။ ထိရောက်မှုရှိတယ်။ ဒါက တိုက်စစ်မှူး တစ်ယောက်အတွက် အရေးကြီးတဲ့ အရည်အသွေးပါ။ ပြီးတော့ သူက ခြေစွမ်းကောင်းကို ရရှိနေတယ်။

ကျွန်တော်တို့အတွက် အသင်းရဲ့ သွင်းဂိုးတွေမှာ သူက အဓိက ရင်းမြစ်ဖြစ်နေတယ်။ ကျွန်တော်တို့ နောက်ထပ် တစ်ယောက်ရဲ့ အကူအညီနဲ့ သွင်းဂိုးတွေရအောင် လုပ်လို့ ရပါတယ်။ အခုတော့ သူတစ်ယောက်ထဲ လုပ်နေရတာပါ ” လို့ ဖာဂူဆန်က ဆိုပါတယ်။

တိုက်စစ်မှူးနေရာအတွက် ယူနိုက်တက်နဲ့ သတင်းထွက်ထားသူတွေကတော့ နာပိုလီရဲ့ ဗစ်တာ အိုဆီမန်နဲ့ ပီအက်စ်ဂျီမှ ကီလီယမ် အမ်ဘာပေတို့ပဲ ဖြစ်ပါတယ်။