အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ကြားရက်က ပွဲကျန်ကစား အနိုင်ရပြီးနောက် ဇယားထိပ်မှာ မန်စီးတီးကို ၅ မှတ် ဖြတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ အာဆင်နယ်အသင်းရဲ့ စိတ်ခံစားမှု ပြင်းထန်လွန်းတဲ့ အောင်ပွဲခံမှုတွေဟာ သူတို့ရဲ့ အားနည်းမှု လက္ခဏာတွေကို ပြသခဲ့တာလို့ နဗီးက ယူဆနေတာပါ။

ဒီလို စိတ်ခံစားမှု များလွန်းတာ၊ မထိန်းနိုင်တာက ရာသီကုန်ခါနီးရင် အာဆင်နယ်ကို ပြန် ထိခိုက်စေလိမ့်မယ် လို့ သရဲနီဟောင်းကြီးက ယုံကြည်နေပါတယ်။

“ အာဆင်နယ်က စိတ်ခံစားမှု များလွန်းတယ်၊ စောလွန်းပါတယ်။ ခရီးက လမ်းတစ်ဝက် ကျန်နေသေးတာတောင် အဲ့လောက်ပြီး အသည်းအသန် အောင်ပွဲခံနေတာက ကောင်းတဲ့အရာ မဟုတ်ဘူး။

ဒီပွဲနိုင်တာက ဘယ်လောက်ကြီးမားတဲ့ အခိုက်အတန့်လဲ ဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်။ ဒါပေမယ့် အဲ့လောက် လွန်ကဲပြီး ကခုန် အောင်ပွဲခံနေတာက စောလွန်းတယ်။ ပွဲအပြီးမှာ အောင်ပွဲခံနေတာမှ အရမ်းပဲ။ စိတ်ခံစားမှု ပြင်းထန်ခြင်းက ဖလားပြိုင်ပွဲတစ်ခုမှာ ကောင်းတာ မဟုတ်ဘူး။ မကောင်းတဲ့အရာပါ ”လို့ နဗီးက ပြောခဲ့တာ ဖြစ်ပါတယ်။

စီးတီးဟာ လွန်ခဲ့တဲ့ ၅ရာသီအတွင်း ဖလားလေးကြိမ်ရခဲ့ပြီး ချန်ပီယံဆုအတွက် ပြင်းထန်တဲ့ တိုက်ပွဲထဲမှာ လီဗာပူးကို တစ်မှတ်အသာနဲ့ နှစ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့တာပါ။ ရာသီနောက်ဆုံး ၁၀ပွဲ လောက်ကျရင် ဖိအားတွေ ဝင်လာတဲ့အခါ အာဆင်နယ်အသင်း စပြီး စိုးရိမ်စိတ်ဝင်လာလိမ့်မယ်လို့ နဗီးက ယူဆထားပါတယ်။

“ အာဆင်နယ်က ရာသီနှောင်းပိုင်းတွေမှာ ရုန်းကန်ခဲ့ရတယ်။ မနှစ်က ရာသီက အကောင်းဆုံးဥပမာပဲ။ ဒါကြောင့် မန်စီးတီးက ပရီးမီးယားလိဂ်ဖလား ရသွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံး ၁၀ပွဲလောက် ရောက်လာရင် အာဆင်နယ်က စပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာမယ်။ စိုးရိမ်စိတ်နဲ့ ဖိအားတွေ ဝင်လာလိမ့်မယ်။

အာဆင်နယ်က အဲ့လိုဖြစ်နေရင်းနဲ့မှ ဖလားရသွားရင်တော့ မယုံနိုင်စရာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူတို့က မန်စီးတီး လိုမျိုး အတွေ့အကြုံရှိတဲ့သူတွေ မဟုတ်ပါဘူး။ နောက်ဆုံး ၁၀ ပွဲလောက်ရောက်ရင် ဒီဘရိုင်း၊ ဟာလန်း၊ ဒီယက်စ်၊ ဂန်ဒိုဂမ်၊ ဘာနာဒိုဆေးဗား၊ ဝေါ်ကာတို့လို ကစားသမားတွေက တွန်းအားပေးလိမ့်မယ်။

ဒါပေမယ့် အတွေ့အကြုံ မရှိဘဲ ပထမဆုံးအကြိမ်မှာ အောင်မြင်အောင် လုပ်နိုင်တဲ့ အသင်းတွေရှိတယ်။ အဲ့လို ဆိုရင်တော့ ဒီနှစ်က အာဆင်နယ်ရဲ့နှစ် ဖြစ်လာနိုင်ပါတယ် ” လို့ နဗီးက သုံးသပ် ပြောကြားခဲ့တာဖြစ်ပါတယ်။