ကသောင်းကနင်းနဲ့ ဒုက္ခများခဲ့တဲ့ ချယ်ဆီးအသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီး အန္တရာယ်ကြီးတဲ့ ကလပ်အဖြစ် ပြန်တောက်ပလာနေပြီလို့ ပေါမာဆန်က ယုံကြည်နေပါတယ်။

ချယ်ဆီးဟာ နိုင်ပွဲတွေ ဆက်တိုက်ရလာနေသလို ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ သူတို့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်လိုတဲ့ အသင်း သိပ်များများရှိနေမှာ မဟုတ်ပါဘူး။

ပေါမာဆန်က ” ချယ်ဆီးဟာ အန္တရာယ်ရှိတဲ့ သားရဲတစ်ကောင် ဖြစ်လာပါတယ်။ သူတို့မှာ မယုံနိုင်စရာကောင်းတဲ့ ကစားသမား တချို့ရှိပြီး လက်စတာနဲ့ပွဲမှာ လုပ်ခဲ့သလိုမျိုး ချက်ခနဲ မီးပွင့်သွားဖို့သာ လိုအပ်နေတာပါ။ မကောင်းတဲ့အသင်း ဆိုရင် သူတို့ သွင်းယူနေတဲ့ ဂိုးလိုမျိုး ဂိုးတွေမသွင်းတတ်ပါဘူး။

လိဒ်စ်၊ ဒေါ့မွန်၊ လက်စတာတို့ကို အနိုင်ရခဲ့တဲ့ ချယ်ဆီးအတွက် အခြေအနေ ကောင်းမွန်တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပြီး နောက်လာမယ့် အိမ်ကွင်းမှာ အဲဗာတန်နဲ့ ကစားရမှာပါ။ ဘောလုံးအားကစားမှာ မြန်မြန် ပြောင်းလဲသွားတတ်တာက ရယ်စရာ ကောင်းပါတယ်။ ဘုန်းမောက်ကို လီဗာပူး ရှုံးသွားတာပဲ ကြည့်။

ဂရေဟမ်ပေါ်တာဟာ နောက်တန်း သုံးယောက်ပုံစံ ပြောင်းလာခဲ့တာက အလုပ်ဖြစ်နေပါတယ်။ ဒါကို မှန်မှန်ကန်ကန် လုပ်နိုင်ဖို့ အချိန်ယူခဲ့ရပေမယ့် လေးယောက် ခံစစ်ထက် ရာခိုင်နှုန်းပြည့် ပိုကောင်းပါတယ်။ ဒါတောင် ရိစ်ဂျိမ်းစ်ကို မရသေးပါဘူး။

ဂျိမ်းစ်ပြန်လာရင် ဘယ်ခြမ်းက ဘန်ချီဝဲနဲ့အတူ အကောင်းဆုံး အတွဲတစ်ခု ရသွားမှာပါ။ တောင်ပံ-အစွန်သမားတွေက အရှေ့ထိ တက်ကစားရသလို ဂျိမ်းစ်နဲ့ ချီဝဲတို့က သိပ်တော်တဲ့ တိုက်စစ် ခြိမ်းခြောက်နိုင်သူတွေဖြစ်ပါတယ်။ ကူကူရယ်လာလည်း ဒီနောက်ပိုင်း တကယ်ကောင်းခဲ့ပါတယ်။

ကိုဗာဆစ်က မကြာခင်ပဲ ပြန်လာခဲ့ပြီး ကွင်းလယ်မှာ အန်ဇို ဖာနန်ဒက်နဲ့ တွဲကစားတယ်။ ပေါ်တာအနေနဲ့ ရှေ့တန်းက ရွေးချယ်စရာ ၇ ယောက်ထဲ ကြိုက်တဲ့ ၃ ယောက် ရွေးလို့ရတာကြောင့် ဘယ်သူ့အတွက်မဆို ကသောင်းကနင်း ဖြစ်စေနိုင်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲရလဒ်မှာ မန်စီးတီး၊ ဘိုင်ယန်တို့ကလွဲရင် ချယ်ဆီးနဲ့ တွေ့ချင်မယ့် အသင်းက အများကြီးရှိမယ် မထင်ပါဘူး။ အဲ့နှစ်သင်းကိုသာ သူတို့ရှောင်နိုင်ရင် ဆီမီးဖိုင်နယ် တက်နိုင်လောက်မယ် ထင်ပါတယ် ” လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။