မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက် က ဒဏ်ရာ ပြသနာတွေ နည်းတဲ့ အာဆင်နယ် ကံကောင်းတယ် လို့ မှတ်ချက်စကားပြောခဲ့တဲ့ အပေါ် အာဆင်နယ် နည်းပြ အာတီတာက သူ့အသင်း ဒဏ်ရာရ စာရင်းတွေ ရွတ်ပြပြီး ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။

ကြားရက်က စပို့တင်းနဲ့ ယူရိုပါလိဂ်ပွဲမှာ တိုမီယာဆုနဲ့ ဆလီဘာတို့ရဲ့ အစောပိုင်း ဒဏ်ရာရရှိမှုတွေဟာ အာဆင်နယ် အတွက် အများကြီး နစ်နာသွားစေခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ထို ပွဲအပြီးမှာ အာတီတာက တရာသီလုံး သူ့အသင်းရဲ့ ဒဏ်ရာပြဿနာ စာရင်းတွေကို ရွတ်ပြသွားခဲ့တာပါ။

“ ကျွန်တော်တို့မှာ တရာသီလုံး ဒဏ်ရာတွေ ဖြစ်နေခဲ့တာ။ စမစ်ရိုး လေးလ နားလိုက်ရတယ်။ ဂျေးဆု လေးလ နားရတယ်။ ဇင်ချန်ကိုက ၂လခွဲ။ ပါတေးက ၁လခွဲ။ အန်ကီတီရာက ၁လခွဲ။ ကျွန်တော်တို့မှာ ဒဏ်ရာတွေ အများကြီး ရခဲ့ပြီးပြီ။ ဒါပေမယ့် ကေင်းကောင်း ကိုင်တွယ်ခဲ့တာပါ ” လို့ အာတီတာက ဆိုပါတယ်။

တန်ဟက်က မကျေမနပ်ဖြစ်နေပေမယ့် အာဆင်နယ်ကတော့ အဲ့ဒီ့လို ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ကောင်းကောင်း ဖြေရှင်းခဲ့ပြီး အမှတ်ပေး ဇယားထိပ်မှာ ၅မှတ် အသာ ရရှိထားဆဲ ဖြစ်ပါတယ်။

အာတီတာ ဟာ အင်အားနည်းပါးတဲ့ လူအင်အားထဲ ကနေ အကောင်းဆုံး ခြေစွမ်းကို ထုတ်ယူနိုင်ခဲ့ပြီး ဇန်နဝါရီမှာတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ လူသစ်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ် မတိုင်ခင်မှာ အာဆင်နယ်ဟာ တနင်္ဂနွေနေ့ရဲ့ တစ်ပွဲတည်းသာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ တိုမီယာဆုနဲ့ ဆလီဘာ တို့ ပါနိုင်ပါ့ မလား မသေချာသေးပါဘူး။