မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အလက်ဆစ် ဆန်းချက်စ်က အာဆင်နယ်ကနေ သူထွက်ဖို့ စဉ်းစားချိန် ရွေးချယ်ခဲ့တဲ့ ကလပ်က ယူနိုက်တက် မဟုတ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။
၂၀၁၈ ဇန်နဝါရီမှာ ဆန်းချက်စ်ဟာ အာဆင်နယ်ကနေ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာပါ။ သူ့ကို ခေါ်ယူဖို့ မန်စီးတီးကလည်း ကြိုးစားနေပေမယ့် ချီလီ လက်ရွေးစင်က ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မာဆေးအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူးက ” ကျနော် စီးတီးကို ပြောင်းမလို ဖြစ်ခဲ့ပါတယ်။ နေ့တိုင်း ဂွာဒီယိုလာနဲ့ စကားပြောတယ်။ သူက မွေးနေ့မှာဆို နှုတ်ဆက်စကား ပြောပါတယ်။ သူက ကျနော် အဖေလိုပါပဲ။
ဘာစီလိုနာမှာ သူက ဖခင်တစ်ယောက်လို ဂရုစိုက်ခဲ့သလို စီးတီးကို ရောက်တော့လည်း ဖခင်တစ်ယောက်လို ဆက်ပြီး ပြုမှုခဲ့ပါတယ်။ နေ့တိုင်း ကျနော်နဲ့ စကားပြောတယ်၊ မက်ဆေ့တွေပို့ဖြစ်ကြပါတယ်။
အပြောင်းအရွှေ့အတွက် အားလုံးက အဆင်သင့်ဖြစ်နေခဲ့ပေမယ့် အာဆင်နယ်က ကစားသမား မခေါ်နိုင်သေးပါဘူး။ နည်းပြအာဆင်ဝင်းဂါးက လူသစ် မရသေးတာကြောင့် ကျနော်ကို ထွက်ခွင့် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ သူတို့ အစားထိုးစရာ ကစားသမား မရှိခဲ့တာပါ ” လို့ ပြောပြပါတယ်။
ဆန်းချက်စ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းခဲ့ချိန်မှာ အသက် ၂၉ နှစ် ရှိနေပါပြီ။ သူ ယူနိုက်တက်ကို ပြောင်းခဲ့တာက ထိုစဉ် ယူနိုက်တက် နည်းပြဖြစ်သူ မော်ရင်ညိုရဲ့ ဖုန်းခေါ်မှုကြောင့် ဖြစ်ပါတယ်။
ဆန်းချက်စ်ကပဲ ” ရုတ်တရတ် မော်ရင်ညိုထံက ဖုန်းဝင်လာတယ်။ သူက ကျနော်အတွက် နံပါတ် ၇ အဆင်သင့် ပြင်ထားပြီလို့ ပြောပါတယ်။ အဲ့အချိန် ကျနော် အာဆင်နယ်ကနေ ထွက်ဖို့ ပြင်ဆင်ထားပြီး ဂွာဒီယိုလာနဲ့လည်း ကတိစကား ရှိထားခဲ့တယ်။
ဒါပေမယ့် ကျနော် စဉ်းစားမိတာက မန်ချက်စတာ ယူနိုက်တက်အတွက် ချီလီ ကစားသမား တစ်ဦး ကစားပေးတာ မရှိခဲ့ဖူးဘူး။ ဒါကို ဖြစ်စေချင်တယ်။ ကန်တိုနာ၊ ဘက်ခမ်း၊ ရော်နယ်ဒိုတို့ ဝတ်ဆင်ခဲ့တဲ့ နံပါတ် ၇ ကို ချီလီသား တစ်ယောက်က ဝတ်ရမှာဟာ အိပ်မက်တစ်ခုပါပဲ။
ယူနိုက်တက်ကို ပြောင်းရတာအတွက် နောင်တမရပါဘူး။ မန်စီးတီးကို ပြောင်းခဲ့ရင်ကော။ အဲ့မှာ မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့နိုင်ပါတယ်။ နောက်ဆုံးမှာတော့ ကျနော် တစ်ခုခုကို ရွေးချယ်ခဲ့တာပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။