သရဲနီဟောင်းကြီး ဂယ်ရီ နဗီးကတော့ လီဗာပူးအသင်းဟာ ခုပုံ အတိုင်းဆိုရင် ပရီးမီးယားလိဂ် ပြန်ရဖို့ ကြာဦးမယ် လို့ ဆိုလိုက်ပြီး မန်ယူကတောင် အရင် ရနိုင်သေးတယ်လို့ ထပ်မံ ပြောဆိုလာပါတယ်။

နဗီးဟာ ၂၀၁၉-၂၀ ရာသီမစခင်မှာလည်း ထိုသို့ ပြောဆိုခဲ့သေးတာပါ။ ဒါပေမယ့် အဲဒီရာသီမှာပဲ လီဗာပူးက ပရီးမီးယားလိဂ် ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

“ အဲ့ဒီတုန်းက ကျွန်တော်ပြောခဲ့တာက သူတို့လို နည်းပါးတဲ့ အသုံးစရိတ်နဲ့ဆို ကလော့ပ်အနေနဲ့ ပရီးမီးယားလိဂ်မှာ မအောင်မြင်နိုင်ဘူးလို့ တွေးမိခဲ့လို့ပါ။ အဲ့ဒီ အချိန်မှာ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ရဲ့ စွမ်းရည်အပြည့်အဝကို မမြင်ခဲ့ရဘူး။ ဆာလာနဲ့မာနေးက သူတို့ရဲ့ အဆင့်အတန်းကို ထိန်းသိမ်းနိုင်မယ်လို့ မထင်ခဲ့ဘူး။

လီဗာပူးရဲ့ ငွေသုံးစွဲနိုင်အားနဲ့ ကလော့ပ်က ဒီကစားသမားတွေကို လေးငါးနှစ် သုံးခဲ့ရတာက ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် ထပ်ပြောရရင် နောက်ထပ် ပရီးမီးယားလိဂ်ဖလားရဖို့ ယူနိုက်တက်က ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။

ကလော့ပ် လက်အောက်မှာ လီဗာပူး လိဂ်ဖလား ထပ်ရမလား မေးရင် ကျွန်တော်ကတော့ မသိဘူးလို့ ဖြေမှာပါ။ ကလပ်ရဲ့ အသင်းပိုင်ရှင်သစ်တွေ ဘယ်သူဖြစ်မလဲ၊ ရင်းနှီးမြုပ်နှံမှုအသစ်တွေ ရှိလာမှာလား ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။

ကလော့ပ်အတွက် နွေရာသီမှာ အသုံးစရိတ် ပေါင်သန်း ၂၀၀-၃၀၀ လောက် ရရင်တော့ သူတို့ ထပ်ပြီး အောင်မြင်နိုင် လောက်ပါတယ်။ ဒါပေမယ့် စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်တို့လို ငွေမသုံးနိုင်ရင် ကလော့ပ်အတွက် လိဂ်မှာ အောင်မြင်ဖို့ အရမ်းခက်သွားမှာပါ။

လီဗာပူး၊ လက်စတာကလွဲရင် လိဂ်ဖလားရခဲ့တဲ့ အသင်းတွေက အကြီးမားဆုံး ဘတ်ဂျက်ပိုင်ရှင်တွေပါပဲ။ လိဂ်တိုင်း ဒီလိုပဲ ” လို့ နဗီးက ပြောခဲ့တာဖြစ်ပါတယ်။