အာဆင်နယ်နဲ့ အင်္ဂလန်ကြယ်ပွင့် ဆာကာဟာ ကမ္ဘာဘောလုံးလောကမှာ မက်ဆီ ပြီးရင် အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ဂန်းနားဟောင်းကြီး တိုနီအဒမ်က ချီးကျူးလိုက်ပါတယ်။

ဒီရာသီမှာ သွင်းဂိုး ၁၀ ဂိုးရထားပြီး ကိုယ်တိုင် ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်ထားနိုင်တဲ့ ဆာကာဟာ အာဆင်နယ်ကို ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား အနိုင်ရအောင် ကူညီပေးနေသူ ဖြစ်ပါတယ်။

တိုနီအဒမ်က ပြောရာမှာ ” ဒီအခြေအနေမှာ ကမ္ဘာ့ဘောလုံးလောကအတွင်း ဆာကာထက် ပိုကောင်းတဲ့ ကစားသမားဆိုလို ဂိုး ပိုသွင်းပြီး ဂိုးတွေအတွက် ပိုဖန်တီးပေးနိုင်တဲ့ မက်ဆီ တစ်ဦးလောက်ပဲ ကျန်ပါတော့တယ်။

ဆာကာ သိပ်ကောင်းနေလို့ အာဆင်နယ်က အမှတ်ပေးဇယား ထိပ်ကို ရောက်နေတာပါ။ ဟာလန်းက မန်စီးတီးအတွက် ဂိုးပေါင်း ၁၀၀ လောက် သွင်းရင်တောင် ရက်ဖိုဒ့်က ယူနိုက်တက်နဲ့အတူ သိပ်ကောင်းတဲ့ ဘောလုံးရာသီ ပိုင်ဆိုင်နေ ရင်တောင် ဆာကာက ပိုကောင်းနေပါတယ်။

ဆာကာဟာ တစ်ရာသီ အကောင်းဆုံး ဘောလုံးသမားဆုကို အနိုင်ရမှာပါ။ သူက ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားပါ၊ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၈ မှတ်ဖြတ်ထားနိုင်အောင် အာဆင်နယ်ကို ကူညီပေးနေတဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ ” လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်တလောမှာ အာဆင်နယ်ဟာ ဆာကာကို သက်တမ်းတိုးဖို့ စတင် ကြိုးစားနေပြီး ကလပ်သမိုင်းမှာ အမြင့်ဆုံး လုပ်ခမျိုးကို ပေးဖို့ပါ ရည်ရွယ်ထားတယ်လို့ သိရတာ ဖြစ်ပါတယ်။