မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝိန်းရွန်းနီက သူ့ခေတ်က ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီး အသင်းတို့ထဲ ဒီရာသီ ဘယ်အသင်းကို ဖလား ရစေချင်သလဲ ဆိုတာ ထုတ်ဖော် ပြောဆိုသွားပါတယ်။
လက်ရှိမှာတော့ အာတီတာရဲ့ အာဆင်နယ် အသင်းက ရမှတ် ၈ မှတ်ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နေတာပါ။
ရွန်းနီက ” အာဆင်နယ်က ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခြင်း မရှိခဲ့တာ အတော်လေး ကြာနေပြီဆိုတော့ စိတ်ဝင်စားစရာပါပဲ။ သူတို့ အဲ့လို စိန်ခေါ်နိုင်ဖို့ တော်တော်လည်း ဖိအားများပါလိမ့်မယ်။
သေချာတာကတော့ ဘောလုံးရာသီ နောက်ဆုံး ၇ ပွဲ၊ ၈ ပွဲ ရောက်လာခဲ့ရင် ဖိအားတွေ စများလာပါမယ်။ သူတို့ တစ်ရာသီလုံး လုပ်လာခဲ့မှုတွေကို အဲ့အချိန်ကျရင် ဆက်လုပ်နိုင်မလား ကျနော် စိတ်ဝင်စားမိပါတယ်။
မန်စီးတီးက ဆုဖလားစိန်ခေါ်ဖို့ ရှိနေဆဲပါ။ သူတို့က ကုန်ခဲ့တဲ့ နှစ်တွေမှာ ဆုဖလားတွေ အနိုင်ရခဲ့တယ်။ သူတို့မှာ ဂွာဒီယိုလာလို ဆုဖလားတွေ အများကြီးကို အောင်နိုင်ထားတဲ့ အတွေ့အကြုံရင့် နည်းပြရှိနေပါတယ်။
ဒါကြောင့် အာဆင်နယ်တို့ ဆက်ထိန်းထားနိုင်မလား ဒါမှမဟုတ် မန်စီးတီးက ကုန်ခဲ့တဲ့ နှစ်တွေတုန်းက သူတို့ အတွေ့အကြုံကို အသုံးပြုပြီး နှာတဖျား အသာရသွားမလား စိတ်ဝင်စားစရာပါပဲ။
မန်စီးတီးက အာဆင်နယ်ကို တန်းအားပေးမယ် ထင်ပါတယ်။ အခုချိန်မှာ လုံးဝကြီး မဟုတ်ပေမယ့် ယူနိုက်တက် ကတော့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကနေ ထွက်ရလု ဖြစ်သွားပါပြီ။
အာဆင်နယ်နဲ့ မန်စီးတီး နှစ်သင်းကြား ဘယ်အသင်းကို ချန်ပီယံဖြစ်စေချင်လဲ မေးရင်တော့ အာဆင်နယ်တို့ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ CNN သတင်းဌာနမှာ ဆိုခဲ့တာ ဖြစ်ပါတယ်။