မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲနဲ့ အဆင့် ၄ အတွင်း ဘယ်သူတွေ ဝင်မလဲ ဆိုတာ သုံးသပ် ဆွေးနွေးသွားခဲ့ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မန်စီးတီးကလည်း လီဗာပူးကို နိုင်ခဲ့သလို အာဆင်နယ်ကလည်း လိဒ်စ်ကို နိုင်ပြီး ဂန်းနားတို့က ဇယားထိပ်မှာ ၈ မှတ် ဖြတ်ထားဆဲ ဖြစ်ပါတယ်။ စီးတီးက ပွဲကျန် တစ်ပွဲ ကျန်သေးတယ် ဆိုပေမယ့် ရွန်းနီကတော့ လက်ကျန်ပွဲတွေမှာ အာဆင်နယ် အမှတ်လျော့နိုင်ခြေ မရှိဘူးလို့ ရှုမြင်ထားပါတယ်။

” ပရီးမီးယားလိဂ် ချန်ပီယံလား? မန်စီးတီးက ကောင်းနေပြီး နိုင်ပွဲတွေ ရနေပေမယ့် အာဆင်နယ်ကပဲ ချန်ပီယံ ဖြစ်ဖို့ များနေပြီ ပြောရမယ်။

အားလုံးက အာဆင်နယ် အမှတ်လျော့မလား စောင့်ကြည့်နေကြပေမယ့် သူတို့က ဒီဖိအားတွေ ကို ကိုင်တွယ်ပြီး ဇယားထိပ်မှာ နေနေတာ သီတင်းပတ် အတော် ကြာပါပြီ။ သူတို့ အဆင့် ပြန်ကျလာစရာ ကျနော်တော့ မမြင်ဘူး။ ” လို့ ရွန်းနီက သူ့ အမြင်ကို ရိုးရိုး ရှင်းရှင်း ဖော်ထုတ်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီး နောက်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ကျန် နှစ်နေရာ အတွက် ပြိုင်ဆိုင်နေတဲ့ အသင်းက ၆ သင်းထိ ရှိနေပြီး ဘယ်အသင်းတွေ တင်ကျနိုင်မလဲ ဆိုတာကိုလည်း ရွန်းနီက ခုလို သုံးသပ်ခဲ့ပါတယ်။

” top four လား? ပြီးခဲ့တဲ့ အပတ်တွေ တုန်းကတော့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်တော်င စိန်ခေါ်နိုင်မယ် ထင်ခဲ့ကြတာပါ။ အဲရစ် တန်ဟက် အသင်းက ပရီးမီးယားလိဂ်မှာ ပြတ်ကျန်ခဲ့တယ် ဆိုပေမယ့် သူတို့ ဖလား ၃ လုံး ရနိုင်ခြေ ရှိပါသေးတယ်။

သူတို့ ထိပ်ဆုံး လေးသင်းထဲ ဝင်မှာ သေချာပါတယ်။ ဒီတော့ မန်ချက်စတာ ယူနိုက်တက် တစ်နေရာ ပါမယ်၊ နောက် တစ်သင်းကတော့ လီဗာပူး ဝင်လာမယ်လို့ ကျနော် ထင်နေတယ်၊ သူတို့ လူစာရင်း ကွာလတီနဲ့ အတွေ့အကြုံ ကြောင့်ပါ။

နယူးကာဆယ်ကတော့ နည်းပြ အက်ဒီနဲ့ အတူ အတော် ကောင်းနေပေမယ့် နည်းနည်းလေး လိုပြီး ကျန်ရစ်ခဲ့မယ် ထင်တယ်။ ” လို့ ရွန်းနီက ပြောဆိုခဲ့ပါတယ်။