ချယ်ဆီးအသင်းဟာ မနေ့က စတမ်းဖိုဒ့်ဘရစ်ချ်မှာ အက်စတွန်ဗီလာကို ၂-ဝနဲ့ အရေးနိမ့်ခဲ့ပေမယ့် အကောင်းမြင်စရာ စွမ်းဆောင်ရည်တွေ မြင်ခဲ့ရတယ်လို့ နည်းပြ ပေါ်တာက ဆိုပါတယ်။

ဒီရလဒ်ကြောင့် ချယ်ဆီးအသင်းရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ဒီရာသီ ဥရောပပြိုင်ပွဲမှာ ဗိုလ်စွဲမှပဲ ဖြစ်လာဖွယ် ရှိပါတော့တယ်။ ထိုရှုံးပွဲ အပြီးမှာ ချယ်ဆီးက အဆင့် ၁၁ ထိလည်း ကျဆင်းသွားခဲ့ပါတယ်။

ဒီလို အခြေအနေတွေ ဆိုးနေသည့်တိုင် ချယ်ဆီးနည်းပြ ပေါ်တာကတော့ သူ့အသင်း ကစားပုံမှာ အကောင်းမြင် စရာတွေ ရှိခဲ့တယ်လို့ လူအေးကြီးပီပီ အေးဆေးစွာ ပြောဆိုလာပါတယ်။

ပေါ်တာက ” ဗီလာ ဂိုး ဧရိယာထဲမှာကော ကိုယ့်ဧရိယာထဲမှာပါ ကျနော်တို့က ဒုတိယအကောင်းဆုံးတွေ ဖြစ်ခဲ့ပါတယ်။ သူတို့ရသွားတဲ့ ပထမဂိုးက ကျနော်တို့အတွက် စိတ်ပျက်စရာပါပဲ။

ဒီပွဲမှာ ကောင်းတဲ့ကိစ္စတွေ အများကြီးရှိပါတယ်၊ တိုက်စစ်ပိုင်း တစ်ခုလုံးနဲ့ သူတို့ရဲ့ ခြိမ်းခြောက်နိုင်မှုတွေပေါ့။ ပွဲ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဒီပွဲမှာ အကောင်းမြင်စရာ စွမ်းဆောင်ရည်တွေကို တွေ့ရပါမယ်။ ဒါပေမယ့် ဂိုးရလဒ် အရတော့ မဟုတ်ဘူးပေါ့။ အဲဒါကိုတော့ ကျနော်တို့ သိပ်စိတ်ပျက်ရပါတယ်။ ” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် ပေါ်တာ က ” ကျနော်တို့ ပထမဂိုးကို ခပ်ညံ့ညံ့ ပုံစံနဲ့ ပေးခဲ့ရပါတယ်။ ၁-၀ နဲ့ အရေးနိမ့်နေချိန် ကစားသမား တွေရဲ့ တုန့်ပြန်မှုက ကောင်းပါတယ်။ ဂိုးရလဒ်ကလွဲလို့ အကောင်းမြင်စရာတွေ အများကြီးပါ။ ဒါပေမယ့် ဒီအခြေအနေမှာ ကျနော်တို့ ခံစားချက်တွေ သိပ်ကောင်းမနေပါဘူး။

ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါဘူး။ ကျနော် တာဝန်ယူပါတယ်။ ကျနော်တို့က အသင်းတစ်သင်းပါ၊ အတူတကွနဲ့ ဆက်နေပြီး အတူတကွ ရှိနေရမှာပါ။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျနော်တို့က အတူတူပါပဲ။ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဗီလာကို ဂိုးပြတ် ရှုံးပြီးနောက် ချယ်ဆီးအသင်းဟာ အရေးပေါ် အစည်းအဝေး ခေါ်ခဲ့သေးပြီး နောက်ပွဲ ရလဒ် မကောင်းရင် ပေါ်တာ ကို ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာပါတယ်။