မနေ့ညက မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၂-၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ နည်းပြ တန်ဟက်ကတော့ ဒီပွဲရလဒ်ဟာ ပိုအနိုင်ရလိုတဲ့အသင်းက ထိုက်ထိုက်တန်တန် အနိုင်ရသွားတာပါလို့ ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

ဝဲလ်ဆန်နဲ့ ဝီဆင်တို့ နှစ်ဦးဟာ နယူးကာဆယ်အတွက် သွင်းဂိုးတွေ ရယူပေးခဲ့တာဖြစ်ပြီး ဒီပွဲမှာ သူတို့အသင်းက ဂိုးပိုရသင့်တဲ့ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ပါတယ်။

ယူနိုက်တက်က ကောင်တာမှာ အန္တရာယ် ကြီးပေမယ့် ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ခုခံဖို့ရာမှာ လိုအပ်ချက် ရှိခဲ့ပါတယ်။

” နယူးကာဆယ်အတွက် ထိုက်တန်တဲ့ ရလဒ်ဖြစ်ပါတယ်။ ကျနော် ဒီလိုပြောရတာကို မုန်းပေမယ့် သူတို့က ပိုပြီး စိတ်ဓာတ် ခိုင်မာမှု ရှိခဲ့သလို ပိုပြီး ပြင်းပြင်းထန်ထန် ကစားလိုစိတ်နဲ့ ဂိုးသွင်းလိုစိတ် ရှိခဲ့ပါတယ်။ သူတို့က သူ့တို့ ကိုယ်ပိုင် ဧရိယာအတွင်း ခုခံခဲ့ပြီး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။

ကျနော်တို့မှာလည်း နေရာလွတ်နဲ့ အခွင့်အရေး ရခဲ့ပေမယ့် နယူးကာဆယ်တို့လို အသုံးမချနိုင်ခဲ့ပါဘူး ” လို့ ပွဲအပြီးမှာ နည်းပြတန်ဟက်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဒီအရှုံးကြောင့် ယူနိုက်တက်ဟာ အဆင့် ၄ နေရာကို ကျဆင်းသွားပြီး ရာသီကုန်မှာ ထိပ်ဆုံးလေးသင်းထဲ ဆက် ရှိနေမယ် အာမခံချက် မရှိတော့ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးကို ၇-၀ ဖြင့် အရေးနိမ့်ပြီးတဲ့နောက် ပြန်လာနိုင်ခဲ့သလို ဒီတစ်ကြိမ်လည်း ပြန်စွမ်းဆောင်နိုင်မယ်လို့ တန်ဟက်က ယုံကြည်နေတယ်။

“ ကျနော်တို့ ပြန်တုန့်ပြန်နိုင်ရမယ်၊ သင်ခန်းစာ ယူနိုင်ရပါမယ်။ ဒီလိုမျိုး မကြာခဏ ဖြစ်ထားခဲ့ပြီး လီဗာပူးပွဲအပြီးမှာ ပြန်လာနိုင်ခဲ့တာပါပဲ။ ကျနော် စိတ်မပူပါဘူး။ ကျနော် အသင်းကို ယုံပါတယ်။ သူတို့ ပြန်ပြီး တိုက်ခိုက်နိုင်မှာပါ ” လို့ တန်ဟက်က ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။