ချယ်ဆီး အသင်းဟာ နည်းပြ ဂရေဟမ် ပေါ်တာကို တနင်္ဂနွေနေ့ ည ကပဲ ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ပေါ်တာဟာ ချယ်ဆီးအသင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလက စလို့ ၇လ လောက်သာ တာဝန် ယူခဲ့ရတာပါ။
စိတ်တိုင်းကျ ဇွတ်ခေါ် ခန့်ခဲ့တဲ့ ပေါ်တာကို ထုတ်ပယ် အပြီးမှာ ချယ်ဆီး အသင်း ပိုင်ရှင် တော့ဒ်ဘိုလေအား လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ လှောင်ပြောင်သွားခဲ့ပါတယ်။
တော့ဒ်ဘိုလေဟာ ပြီးခဲ့တဲ့နွေမှာ ချယ်ဆီးအသင်းပိုင်ရှင်သစ် ဖြစ်လာခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား ယူပေးထားတာ တစ်နှစ်ကျော်သာ ရှိသေးတဲ့ နည်းပြ တူချယ်ကို ရုတ်တရက် ထုတ်ပယ်ပြီး ပေါ်တာကို အစားထိုး ခန့်အပ်ခဲ့တာပါ။
ပေါ်တာ ရလဒ်တွေ ဆိုးနေချိန်မှာလည်း ချယ်ဆီးအသင်းနဲ့ ဘိုလေက ဆက်လက် ထောက်ခံ အားပေးမယ် လို့ တောက်လျောက် ဆိုခဲ့ပေမယ့် ဒီတပတ် ဗီလာကို အိမ်ကွင်းမှာ ၂-ဝ နဲ့ ရှုံးပြီး အဆင့် ၁၁ ရောက်သွားတဲ့နောက် ခုလို ထုတ်ပယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူး နောက်ခံလူဟောင်း ဂျင်မီ ကာရေဂါကတော့ ချယ်ဆီး ပေါ်တာကို ထုတ်ပယ်ပြီးနောက် တွစ်တာကနေ အခုလို ရိထေ့ခဲ့ပါတယ်။
” တော့ဒ် (ဘိုလေ)က ပြောခဲ့တယ်။ သူက ရိုမန်လို မဟုတ်ပါဘူး ဆိုပဲ။ ကျနော်တော့ ဂရေဟမ် ပေါ်တာ အတွက် စိတ် မကောင်းဘူး။
ဒါပေမယ့် ဒါက ရှောင်လွှဲလို့ မရဘူးလေ။ တူချယ်နေရာမှာ ပေါ်တာက အစားဝင်နိုင်မှာမှ မဟုတ်တာ။ အစတည်းက မှားနေတဲ့ ဆုံးဖြတ်ချက်ပဲ။ ” လို့ ကာရေဂါ က ဆိုခဲ့တာပါ။
ချယ်ဆီးအသင်းဟာ ဒီရာသီ ကစားသမားသစ်တွေ ဝယ်ယူဖို့ ပေါင် သန်း ၆ဝဝ သုံးထားပေမယ့် ၂၀၂၃ ခုနှစ်ထဲမှာ နိုင်ပွဲ ၃ ပွဲသာ ရရှိထားခဲ့ပါတယ်။