အမှတ်ပေးဇယား ဦးဆောင်ထားသူ အာဆင်နယ် အသင်းရဲ့ ဖလားယူမယ့် ခြေလှမ်းတွေဟာ ဒီသီတင်းပတ် ကုန် လီဗာပူးနဲ့ အတွေ့မှာ အခက်တွေ့မယ် လို့ ဂျင်မီကာရေဂါကတော့ အပိုင် ပြောဆိုလိုက်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ အာဆင်နယ်က လီဗာပူးကို အန်းဖီးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာတီတာရဲ့ အသင်းဟာ လက်ရှိမှာ မန်စီးတီးထက် တစ်ပွဲပို ကစား ၈ မှတ် ဖြတ်ထားဆဲပါ။
လီဗာပူးအသင်းကတော့ မနေ့ညက ချယ်ဆီးနဲ့ အတွေ့မှာလည်း ခြေစွမ်း ညံ့ဖျင်းဆဲ ဖြစ်နေပြီး သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာပါ။ ဒီလို ရလဒ်တွေ မကောင်းဖြစ်နေတဲ့ လီဗာပူးထံက တုန့်ပြန်မှုကို အိမ်ကွင်းမှာ ပြန် မြင်ရမလားဆိုတာ စောင့်ကြည့်ရဖွယ် ရှိပါတယ်။
လီဗာပူးက အာဆင်နယ်ကို အနိုင်ယူနိုင်မလား လို့ မေးခွန်းထုတ်ခံခဲ့ရရာ ကာရေဂါက ” ဒါပေါ့။ လီဗာပူးက အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင် ကန်နိုင်မယ် လို့ ကျနော် ထင်တယ်။ ” လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။
ဂျင်မီ ကာရေဂါ က အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ဖလား လုပွဲမှာ လီဗာပူးက အရေးပါလာမယ့် အကြောင်း ကို တယ်လီဂရပ်ဖ်မှာလည်း အခုလို သုံးသပ်ခဲ့ပါသေးတယ်။
” လီဗာပူးက ဒီရာသီ တောက်လျောက် ရုန်းကန်နေရသည့်တိုင် မန်စီးတီးနဲ့ အာဆင်နယ်တို့ အပြန်အလှန် ကစားရမယ့် ပွဲတွေ ရှိနေသည့်တိုင်၊ လီဗာပူးနဲ့ ရင်ဆိုင်ရမှာက အာဆင်နယ်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်မှာပါ။
မေလထဲမှာ ဘယ်အသင်း ချန်ပီယံ ဖြစ်၊ အောင်ပွဲခံသွားမလဲ ဆိုတာက ဒီသီတင်းပတ်တွေ အတွင်း အဖြေ ထွက်လာတော့မှာပါ။ မန်စီးတီးက လီဗာပူးကို နိုင်ပြီး အာဆင်နယ် မနိုင်ရင်တော့ ဖလား လုပွဲ ကိစ္စက ထင်ကြေးပေးသံတွေ ပို ကျယ်လောင်လာပါတော့မယ်။ ” လို့ ကာရေဂါက ဆိုထားခဲ့ပါတယ်။