နည်းပြ အဲရစ်တန်ဟက်နဲ့ အတူ တိုးတက်ရိပ်တွေ ပြနေတဲ့ မန်ချက်စတာ ယူနိုက်တက်မှာ အဓိက ဇာတ်ကောင်တွေ ဖြစ်နေကြတဲ့ ကစားသမားတွေ ရှိနေတယ် လို့ သရဲနီဟောင်းကြီးတွေ ဖြစ်တဲ့ ဂယ်ရီနဗီးနဲ့ ဝိန်းရွန်းနီတို့က သုံးသပ်လာကြပါတယ်။
တန်ဟက်ဟာ မန်ယူအသင်း ကို ပရီးမီးယားလိဂ်မှာ စိန်ခေါ်နေတဲ့အသင်း ဖြစ်လာအောင် ပြောင်းလဲပေးခဲ့ပြီး တချို့ ကစားသမားတွေက အတော်လေး အရေးပါခဲ့ကြပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေအား ဂယ်ရီနဗီးနဲ့ ဝိန်းရွန်းနီတို့က ခုလို သုံးသပ် ရွေးချယ်ခဲ့ကြပါတယ်။
ရွန်းနီ က ” ကွင်းထဲမှာ ကာဆီမီရိုက စိတ်ဓာတ်ပိုင်း အပြောင်းအလဲဖြစ်သွားအောင် အများကြီး ယူလာပေးခဲ့တယ်။ ဗာရန်းက အသင်းမှာ ပိုအထိုင်ကျပြီး သူ့ရဲ့ အောင်ပွဲ အတွေ့အကြုံတွေကို ယူလာပေးခဲ့တာပါ။ ပြီးတော့ မားကပ် ရက်ဖို့ဒ်ပေါ့။
လွန်ခဲ့တဲ့ တစ်နှစ်လောက်ကို ပြန်ကြည့်ရင် မားကပ်က ပွဲထွက်စာရင်းထဲ ပါလိုက်၊ မပါလိုက်နဲ့ ဂိုးတောင် မနည်း သွင်းနေရတယ်။ မတူညီတဲ့ နေရာအစုံမှာ ကစားရတယ်။ အခုတော့သူက လုံးဝကို ခြားနားတဲ့သူဖြစ်ပြီး ကွင်းပြင်ပ မှာလည်း နေရာကောင်း ရနေပြီ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားပြီးတော့ ယုံကြည်မှုပိုရှိလာတာကို တွေ့ရပါတယ်။
သူက ဘောလုံးမရှိချိန်မှာ ထိုးဖောက်ပြေးလွှားပြီးတော့ ဘောလုံးရှိချိန်မှာ နောက်ခံလူတွေကို ဖိအားပေးတယ်။ သူ့ဆီ ကနေ ကျွန်တော်မြင်ချင်တဲ့ အရာအားလုံးကို သူလုပ်ပြနေတာပါ။ ” လို့ ရွန်းနီက ဆိုပါတယ်။
ဂယ်ရီနဗီးလ်ကလည်း ရွန်းနီနဲ့ ဆင်တူတဲ့ အမြင်မျိုး ရှိနေပြီး နဗီးလ်ကတော့ ထို သုံးယောက် အပြင် ဂိုးသမား ဒီဂီယာကိုပါ ထည့်သွင်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
“ အစဉ်လိုက် ပြောရမယ်ဆိုရင် ကာဆီမီရို၊ ရက်ဖို့ဒ်။ ဒီဂီယာနဲ့ ဗာရန်းက ပူးတွဲ နံပါတ် ၃ ပေါ့။ ဒီလိုပြောနေရတာကို မယုံနိုင်ဘူး။ ကာဆီမီရိုကို မေ့ထားလိုက်။ သူက မနှစ်က ဒီမှာမရှိခဲ့ဘူးလေ။ ဒါပေမယ့် ဗာရန်း၊ ဒီဂီယာနဲ့ ရက်ဖို့ဒ်က အခုလို အဆင့်အတန်း ရောက်အောင် သူတို့ကိုယ်သူတို့ မြှင့်တင်ခဲ့တာကို မယုံနိုင်ဘူးဖြစ်နေတာ။
သူတို့က သိပ်ကောင်းတဲ့ အကူအညီကိုပေးတယ်။ သူတို့မပါရင် ဘာတွေဖြစ်မလဲ တွေးကြည့်။ ဒါပေမယ့် အရေး အကြီးဆုံး ကစားသမားကိုပြောရရင် ကာဆီမီရိုရယ်၊ သူ့နောက်မှာ ရက်ဖို့ဒ်လိုက်မယ်။ ဒါပေမယ့် ဗာရန်းနဲ့ ဒီဂီယာ ကိုတော့ နံပါတ်၃ နေရာမှာ အတူတူ ထားရမှာ ” လို့ နဗီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။