ဒီအပတ် အာဆင်နယ်က အန်ဖီးမှာ လီဗာပူးကိုနိုင်ရင် ပရီးမီးယားလိဂ်ဖလားကို သေချာပေါက် ရပြီ လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

နဗီးက “ အာဆင်နယ်က အန်ဖီးမှာ အနိုင်ရလိုက်ရင် ဖလားကို သေချာပေါက် ရသွားမှာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ကနေ ရမယ့် ယုံကြည်မှုက မယုံနိုင်စရာကောင်းတော့မှာ။ အန်ဖီးမှာ သူတို့ရှုံးသွားရင်တော့ ဖလားတိုက်ပွဲက တကယ်ကို အကြိတ်အနယ် ပြင်းထန်သွားမယ်။

ကျွန်တော်တို့ နည်းပြကြီး (ဖာဂူဆန်) ပြောဖူးတာ ရှိတယ်။ မင်းတို့ ဒီနှစ် လီဗာပူးကို အဝေးကွင်းမှာ အနိုင်ရရင် မင်းတို့ လိဂ်ဖလားရပြီပဲတဲ့။ အဲ့ဒါက တော်တော်များများ မှန်ကန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ သုံးလေးလက အာဆင်နယ်ဟာ မန်စီးတီးနောက်မှာ ၁၀မှတ်၊ ၁၅မှတ်လောက် ပြတ်ကျန်ခဲ့မှာပဲလို့ ကျွန်တော် ထင်ခဲ့တာ။ အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ အခြေအနေက ၅၀-၅၀ ဖြစ်သွားပြီ။ လီဗာပူးကို အာဆင်နယ် အနိုင်ရရင် သေချာပေါက် ဖလားရဖို့ ရေပန်းစားလာတော့မှာ။

ဒါပေမယ့် ကစားရမယ့် ပွဲတွေ အများကြီးရှိပါသေးတယ်။ အာဆင်နယ်က စီးတီး၊ နယူးကာဆယ်တို့နဲ့ တွေ့ရဦးမယ်။ အဲ့ဒါတွေက သိပ်ခက်ခဲတဲ့ပွဲတွေ ဖြစ်လာမှာပါ ” လို့ နဗီးက ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲ ကစားဖို့ ၉ ပွဲကျန်ချိန်မှာ ချန်ပီယံ ဖြစ်ဖို့ အလားအလာ ကောင်းနေပြီး ဒီတစ်ပတ် လီဗာပူးကို အနိုင်ရမယ် ဆိုရင် ပိုပြီးတော့တောင် နီးစပ်သွားနိုင်တယ်လို့ နဗီးက ယုံကြည်နေတာ ဖြစ်ပါတယ်။