ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ပင်နယ်တီအဆုံးအဖြတ်မှာ မန်ချက်စတာ ယူနိုက်တက်အတွက် ပထမဆုံး ပင်နယ်တီကို တာဝန်ယူလိုစိတ် အပြည့်နဲ့ ရယူပေးခဲ့သူ ကာဆီမီရိုကို သရဲနီပရိသတ်တွေ အထူး သဘောကျနေခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ ဆီမီးဖိုင်နယ်ပွဲအတွင်း မိနစ် ၁၂၀ ကြာ ဂိုးမရှိ သရေဖြစ်ခဲ့တဲ့နောက် ပင်နယ်တီ အဆုံအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မကန်ခင် အသင်းတွေဟာ ခေါင်းချင်းဆိုင် ဆွေးနွေးတိုင်ပင်ကြတာဖြစ်သလို ဗီဒီယိုတစ်ခုမှာ အဲရစ်တန်ဟက်နဲ့ စတိဗ် မက်ကလာရင်က ဘယ်သူ အရင်ဆုံး ပင်နယ်တီ ကန်ချင်လဲ မေးမြန်းခဲ့တာ တွေ့ရပါတယ်။
အဲ့ဒီ့အချိန်မှာ ကာဆီမီရိုက တုံ့ဆိုင်းခြင်း မရှိပဲ လက်မြှောက်လိုက်ပြီး ပထမဆုံး ပင်နယ်တီကန်ပေးဖို့ တာဝန်ယူလိုက်ပါတယ်။ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့အတူ ကာဆီမီရိုဟာ ဂိုးသမား ရော်ဘတ်ဆန်းချက်နဲ့ ဆန့်ကျင်ဘက်ဆီ ဘောလုံးကို ကန်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပထမဆုံး ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်ကို ဦးဆောင်ဖို့ လိုလိုလားလား တာဝန်ယူခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေက သူ့စိတ်ဓာတ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
“ ကာဆီမီရိုကို ငါကြိုက်တာ သူ့ရဲ့ သတ္တိပဲ.. ပင်နယ်တီ အဆုံးဖြတ်မှာတောင် သူက အရင်ဆုံးသွားပြီး ဦးဆောင်ပေးချင်ခဲ့တာ.. တကယ့် ခေါင်းဆောင်ကောင်းပဲ။ ”
“ ပထမဆုံး ပင်နယ်တီကန်ဖို့ ကိုယ်တိုင် တောင်းဆိုပြီးတော့ ဝင်အောင် ကန်ခဲ့တယ်. ကာဆီမီရိုက ေ-ာက်ရမ်းမိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ.. ဒိုင်တွေက သူ့ကို ပစ်မှတ်ထားကြတာ ငါတို့အားလုံးသိတယ်.. အဲ့ဒါက တခါတလေ သူ့ရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာ သေချာတယ် ” လို့ ပရိသတ်တစ်ယောက်က ရေးသားခဲ့ပါတယ်။
“ နှစ်တွေအကြာကြီး ခံစားရုန်းကန်ခဲ့ရပြီးတဲ့နောက်မှာ ငါတို့တွေ ဒီလိုဂန္တဝင်ကို ထိုက်ထိုက်တန်တန် ရလိုက်တာပဲ” စသဖြင့် ပရိသတ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။
“ အရည်အချင်းက မရှိမဖြစ် လိုအပ်ပေမယ့် စိတ်ဓာတ်စွမ်းရည်နဲ့ ခေါင်းဆောင်မှု အရည်အသွေးကလည်း အရေးကြီးတယ်.. ကာဆီမီရိုက ပထမဆုံး ပင်နယ်တီ တာဝန်ယူဖို့ လက်မရွံ့ခဲ့ဘူး.. လိုလိုချင်ချင်နဲ့ ရယူခဲ့တာ။ ”
“ ဒီနောက်ပိုင်း အသင်းက သိပ်တော့ မကောင်းဘူး.. ဒါပေမယ့် သူက ဒီနှစ်တွေအတွင်း ငါ့အကြိုက်ဆုံး ကစားသမားတစ်ယောက်.. ဒီကလပ်အတွက် ကစားပေးဖို့ ထိုက်တန်တဲ့ အရည်အသွေး သူ့မှာရှိတယ်။ ”
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၇-၆ နဲ့ အနိုင်ရခဲ့တာကြောင့် ဇွန် ၃ရက်နေ့ ဝင်ဘာလေမှာ ကန်မယ့် ဖိုင်နယ်ပွဲမှာ မန်စီးတီးနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။