လီဗာပူးအသင်းဟာ နွေအတွက် ကစားသမား များစွာကို လျာထားစာရင်း ပြုလုပ်ထားပေမယ့် ချိတ်ဆက်ဖို့ရာ အဆင်မပြေမယ့် ကစားသမား စာရင်းကို စတင် လျော့ချလာနေပြီ ဖြစ်ပါတယ်။
Football Insider ရဲ့ ဖော်ပြချက်အရ ‘ ဆဲလ်ဘတ် ခံစစ်မှူး ဂါဗာဒီယိုဟာ နွေအပြောင်းအရွှေ့ စျေးကွက်အတွက် လီဗာပူးရဲ့ ထိပ်တန်း ပစ်မှတ်စာရင်းထဲ မပါဝင်တော့ပါဘူး။’ လို့ ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်ကို အဓိက ပစ်မှတ်ထားနေပြီး မကြာသေးခင်ကပဲ ဘယ်လင်ဟမ်ကို ဦးစားပေးအဆင့်ကနေ ဖယ်ထုတ်ခဲ့ပြီးပါပြီ။ အသင်းလိုအပ်တဲ့ ကွင်းလယ်ပိုင်းကို အာရုံစိုက်ဖို့ရာမှာ ဘယ်လင်ဟမ်အပြင် ယူရို သန်း ၁၀၀ အနည်းဆုံး စျေးပေါက်မယ့် ဂါဗာဒီယိုကိုပါ ဖယ်ထုတ်ခဲ့တာပါ။
ဒါဟာ ဒီနွေအတွက် ပစ်မှတ်စာရင်းကနေ ဖယ်ထုတ်ခြင်းပဲဖြစ်ပြီး အနာဂတ်မှာ ခေါ်ယူနိုင်မလား အခြေအနေအတွက် ဆက်လက် စောင့်ကြည့်မှု ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဗန်ဒိုက်၊ ကိုနတေး၊ မာတစ်၊ ဂိုးမက်စ်တို့ကို ချန်ထားပြီး နက်ဖီးလစ်နဲ့ ရွိုင်းဝီလီယမ်တို့ကို ရှင်းထုတ်မယ့် ခံစစ်အတွက် ကစားသမား တစ်ဦးကိုတော့ ခေါ်ယူမှာပါ။
အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်ဖြစ်သူ Fabrizio Romano ကတော့ လီဗာပူးအသင်းဟာ ချယ်ဆီးကနေ ဘရိုက်တန်အသင်းထံ အငှားထွက်ကစားနေတဲ့ အသက် ၂၀ အရွယ် ခံစစ်မှူး လီဝီ ကိုးဝဲလ်ကို အတော်လေး စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။