ဘရာဇီးသားတိုက်စစ်မှူး ဂျေးဆုဟာ အာဆင်နယ်ရဲ့ တိုက်စစ်မှာ လိုအပ်နေတဲ့ ကစားသမားမျိုး ဖြစ်ခဲ့ပေမယ့် ကာလတိုနဲ့ ကာလရှည်မှာ ဆုဖလားတွေကို အောင်မြင်လိုတယ်ဆိုရင် နည်းပြ အာတီတာ အနေနဲ့ နောက်ထပ် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်မယ်လို့ လန်ဒန် အခြေစိုက် Fooltball London သတင်းဌာန က ထောက်ပြခဲ့ပါတယ်။
ဂျေးဆုဟာ အာဆင်နယ်ကို နောက်တစ်ဆင့်ထံ ရောက်ဖို့ ကူညီပေးခဲ့ပြီး အခုဆိုရင် အာဆင်နယ်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဘရာဇီး တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် လုံလောက်မှု ရှိမလားက အငြင်းပွားစရာ ဖြစ်နေဆဲပါ။
မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ပရီးမီးယားလိဂ်သွင်းဂိုး ၃၃ ဂိုးထိ ရယူထားပြီး သူ့ရဲ့ အရန်အဖြစ် ကမ္ဘာဖလား ချန်ပီယံ အဲဗာရက်စ် ရှိနေပါတယ်။ လီဗာပူးမှာလည်း တိုက်စစ်ပိုင်း ရွေးချယ်စရာက ၅ ဦးလောက် ရှိနေပြီး ချယ်ဆီးရဲ့ လူအင်အားက အာဆင်နယ်ထက် ပိုတောင့်တင်းပါတယ်။ ယူနိုက်တက်လည်း တိုက်စစ်မှူးသစ် အားဖြည့်ဦးမှာပါ။
အာဆင်နယ်မှာတော့ ထရော့ဇက်နဲ့ အန်ကတ်တီးရားလောက်ပဲ အရန်စာရင်းမှာ ရှိနေပါတယ်။ ထရော့ဇက်က အရည်အချင်း ရှိပေမယ့် အန်ကတ်တီးရာကတော့ မန်စီးတီးနဲ့ အာဆင်နယ်ကြား လိုအပ်ချက်ကို ကျဉ်းမြောင်းစေဖို့ လုံလောက်မယ့်သူ မဟုတ်ပါဘူး။
ဈေးကွက်ထဲမှာ အိုဆင်ဟမ်ကို အပြိုင်ခေါ်လိုတဲ့ ကလပ်တွေ များပြားနေပြီး အနာဂတ်အတွက် ဆိုရင် ဘင်ဖီကာမှ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့်ကို ရွေးချယ်သင့်ပါတယ်။
ဒီရာသီ ပေါ်တူဂီလိဂ်မှာ ၁၇ ဂိုး သွင်းထားတဲ့ တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံမှာဆိုရင် ၂၅ ဂိုးထိ ရထားတာပါ။ အရပ် အမောင်း ၆ ပေကျော်တဲ့ ရာမိုစ့်ဟာ ဒီရာသီ ဂိုးဖန်တီးမှု ၁၁ ကြိမ်လည်း လုပ်ထားနိုင်ပါတယ်။
အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆန်ကတော့ ” အာဆင်နယ်နဲ့ ယူနိုက်တက်လို ကလပ်တွေက ရာမိုစ့်ကို ခေါ်ယူရေး စောင့်ကြည့်သင့်တယ် ” လို့ ထောက်ခံထားတယ်။ ပေါ်တူဂီသားဟာ ယူရို ၁၂၀ သန်းနဲ့ ခေါ်ယူခွင့်ဆိုတဲ့ စာချုပ်ပါ အချက် ပါဝင်ထားပြီး ဈေးကြီးတယ်ဆိုပေမယ့် ကြိုးစားကြည့်သင့်နေပါတယ်။