၂၀၂၂-၂၀၂၃ ဘောလုံးရာသီဟာ ချယ်ဆီးအသင်း သမိုင်းမှာတော့ အဆိုးရွားဆုံးတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်နေတော့မှာ သေချာပါတယ်။

ရာသီကုန်ထိ လမ်းပတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတဲ့ ချယ်ဆီးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲလုံးကို အရေးနိမ့်ထားပြီ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ အဆင့်တွေ ကျပြီးရင်း ကျနေတဲ့ ချယ်ဆီးအသင်း ရာသီကုန်ရင် တန်းဆင်းသွားနိုင်လား စိုးရိမ်သံတွေပါ ထွက်လာနေပါပြီ။

၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ဆိုပြီး စတင်လာကတည်းက လုံးဝ တန်းဆင်းရခြင်း မရှိဘူးတဲ့ ချယ်ဆီးတို့ ဒီရာသီ တန်းဆင်းသွားနိုင်လား? နောက်ရာသီ ချန်ပီယံရှစ်မှာ သွားကစားရမှာလား? ဒီမေးခွန်းတွေအတွက် လေ့လာကြည့်ရအောင်ပါ။

သင်္ချာနည်းအရ ပြောရရင်တော့ ချယ်ဆီးဟာ ဒီရာသီ တန်းဆင်နိုင်ပါသေးတယ်။ အမှတ်ပေးပွဲ ၃၃ ပွဲ ကစားပြီးချိန်မှာ ချယ်ဆီးဟာ ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ နော်တင်ဟမ် ဖောရက်စ်က ချယ်ဆီးနဲ့ ၉ မှတ်အကွာမှာ ရှိနေပါတယ်။ အဆင့် ၁၆-၁၇ က အသင်းတွေဖြစ်တဲ့ လက်စတာနဲ့ လိစ်ဒ်တို့ကလည်း လမ်းပတ်ရဲ့ အသင်းနဲ့ ၉ မှတ်ပဲ ကွာဟနေတာပါ။

ချယ်ဆီးက လက်ကျန်ပွဲတွေ အားလုံးကို အရေးနိမ့်ပြီး ဖောရက်စ်၊ လက်စတာ၊ လိစ်ဒ်တို့က သူတို့လက်ကျန်ပွဲတွေမှာ အနည်းဆုံး ၁၀ မှတ်ယူနိုင်မယ်ဆိုရင် ချယ်ဆီး တန်းဆင်းရနိုင်ပါတယ်။

ချယ်ဆီးရဲ့ လက်ကျန် ပွဲစဉ် ၅ ပွဲမှာ မန်စီးတီး၊ ယူနိုက်တက်၊ နယူးကာဆယ်လို ပြိုင်ဘက်တွေ ပါဝင်နေပါတယ်။ ဘုန်းမောက်နဲ့လည်း တွေ့ရဦးမယ့် ချယ်ဆီးဟာ ထိပ်ဆုံး ၄ သင်းထဲက အသင်းတွေကို ရှုံးခဲ့ရင်တောင် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့မယ်ဆိုရင် တန်းဆင်းဇုန် အန္တရာယ်ကနေ ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။