မန်ချက်စတာ ယူနိုက်တက်ကို မီဂါ သူကြွယ်ကြီးတွေဖြစ်တဲ့ ကာတာဘက်က ဝယ်ယူနိုင်ခဲ့ရင်တောင် ဒီနွေမှာ ကလပ်အတွက် အသုံးစရိတ် အကန့်အသတ် ရှိနေမယ်လို့ သိရပါတယ်။
မနှစ်တုန်းက ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို အပြီးသတ် ရောင်းချမှု ဒါမှမဟုတ် ရှယ်ယာအများစု လက်လွဲရောင်းချမှု ပြုလုပ်မယ်လို့ ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့ သောကြာနေ့ဟာ ရှိတ်ဂျက်ဆင်နဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်တို့တွေ နောက်ဆုံး ကမ်းလှမ်းမှု ပြုလုပ်ရမယ့် ရက်ပဲ ဖြစ်ပါတယ်။
ပိုင်ရှင်သစ်တွေ ရောက်လာခဲ့ရင် လိုချင်တဲ့ နွေအသုံးစရိတ် ရနိုင်မလား မေးခွန်းကို နည်းပြတန်ဟက်က ” မသိပါဘူး၊ ကျနော် မသိထားဘူး။ ပိုင်ရှင် လွဲပြောင်းရေး ကိစ္စတွေမှာ ကျနော် ပါဝင် ပတ်သက်ခြင်း မရှိဘူး။ ကျနော် မသိသလို နားလည်း မလည်ပါဘူး။
ကျနော်သိတာက ယူနိုက်တက်ဟာ အကြီးကျယ်ဆုံး ကလပ်တွေထဲက တစ်သင်းပါ။ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ပရိသတ်ထု ပိုင်ဆိုင်ထားတဲ့ ကလပ် ၂ သင်းထဲက တစ်သင်းတောင် ဖြစ်မယ် ထင်ပါတယ်။ ဒီတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးတွေကို စိန်ခေါ်နိုင်ဖို့ လိုပါတယ်။
ဘောလုံးမှာ ဆုဖလားစိန်ခေါ်မယ့် လူစာရင်း တည်ဆောက်ဖို့ဆိုရင် အသုံးစရိတ် လိုပါတယ်။ အဆုံးမှာတော့ ကိုယ့်အသင်း အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကို ကိုယ်ပိုင်ဆိုင်ထားတဲ့ ကစားသမားအပေါ် မူတည်ပါတယ်။ ကစားသမားကောင်းတွေ ခေါ်ယူဖို့က စျေးကြီးပေးရပါတယ်။ ဒါကို လူတိုင်း သိပါတယ် ‘ လို့ ဖြေထာခဲ့တာပါ။
The Athletic က ဖော်ပြရာမှာ ဘယ်သူတွေပဲ ယူနိုက်တက် ပိုင်ရှင်သစ်ဖြစ်လာလာ FFP စည်းမျဉ်းကြောင့် နည်းပြတန်ဟက်က အသုံးစရိတ် ကန့်သတ်ခံရမှာဖြစ်တယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင်တောင် ပိုင်ရှင်သစ်တွေဟာ အသုံးစရိတ် ပေါင် သန်း ၁၀၀ ထက် ပိုထုတ်ပေးလို့ မရပါဘူး။
ဒီကိစ္စဟာ နည်းပြတန်ဟက်နဲ့ မန်ယူပရိသတ်တွေကို စိတ်ပျက်စေမှာဖြစ်ပြီး နွေမှာ ကစားသမားသစ်တွေအတွက် အသုံးစရိတ် ပိုရဖို့ဆိုရင် အသင်းသား အချို့ကို ရောင်းထုတ်ပြီး ငွေကြေး ရှာဖွေဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။