ဝါရင့် ပွဲရလဒ် ခန့်မှန်းသူကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် ပွဲကြို ခန့်မှန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။
ချယ်ဆီး vs နော်တင်ဟမ် ဖောရက်စ်
ဖိအားတွေရင်ဆိုင်နေရတဲ့ ဆောက်သမ်တန်ကို ရင်ဆိုင်ကစားရာမှာ နော်တင်ဟမ် ဖောရက်စ်က အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ဖောရက်စ်တို့ ရလဒ်ကောင်းထွက်ရေး ရုန်းကန်သွားရမယ်လို့ ထင်မိပါတယ်။ ချယ်ဆီးက သူတို့ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိမနေပေမယ့်လို့ ဒီပွဲမှာ ဖောရက်စ်တို့ ပိုကောင်းတဲ့အသင်း ဖြစ်လာမယ် မထင်ပါဘူး။
ဖောရက်စ်က စိတ်ချရတော့မယ့် အခြေအနေမှာ ရှိလုနီးပါးဖြစ်ပြီး တန်းမဆင်းရဖို့ လုံလောက်တဲ့ အမှတ်တွေ ရခဲ့ပြီလို့ ယူဆစရာရှိပါတယ်။ ကျနော်ကတော့ လက်စတာ၊ လိဒ်စ်နဲ့ ဆောက်သမ်တန်တို့က တန်းဆင်းသွားမယ်လို့ တွက်ဆထားတယ်။
ဒီနွေမှာ ချယ်ဆီးအသင်းက တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လိုပါတယ်။ တိုက်စစ်မှာ ဦးဆောင်ကစားပေးနိုင်မယ့်သူကို သူတို့အသင်း လိုအပ်နေပါတယ်။ ချယ်ဆီးတိုက်စစ်မှာ ပေါက်ကွဲကစားနိုင်တဲ့ တိုက်စစ်သမားတွေ အများကြီး ရှိနေပေမယ့် ဂိုးသွင်းပေးနိုင်မယ့်သူ လိုအပ်နေတာပါ။ သွင်းဂိုး ပုံမှန် ယူပေးနိုင်မယ့်သူ မရှိတာက ချယ်ဆီးရဲ့ အားနည်းချက်ပါပဲ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 3-0 နော်တင်ဟမ် ဖောရက်စ်
မန်ယူနိုက်တက် vs ဝုဗ်
ဒီပွဲမှာ မန်ယူနိုက်တက် အနိုင်ရဖို့ မျှော်လင့်ပါတယ်။ ဝက်စ်ဟမ်းကို ရင်ဆိုင်တုန်းက ယူနိုက်တက်တို့ ခြေစွမ်း ညံ့ဖျင်းထားခဲ့ပြီး အခုချိန်မှာတော့ ကာလတစ်ခု ကြာအပြီးမှာ ပထမဆုံးအဖြစ် တစ်ပတ်အပြည့် နားရက် ရခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်က ဒီပွဲကို အနိုင်ရဖို့ လိုပါတယ်။ ဒီပွဲကို ရှုံးသွားမယ်ဆိုရင် သူတို့အပေါ် ဖိအားတွေ တိုးသွားပါလိမ့်မယ်။ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ဆိုရင် ရာသီကုန်ထိ ၃ ပွဲ အနိုင်ရဖို့ လိုအပ်နေပါတယ်။
သရဲနီတေါအတွက် ပွဲစဉ်ဇယားတွေက အညှာအတာ ကင်းလွန်းနေတယ် ဆိုပေမယ့် ဒီပွဲကတော့ ခြားနားပါတယ်။ ဝုဗ်ကို ရင်ဆိုင်ပြီး ယူနိုက်တက်တို့ စွမ်းဆောင်ရည် ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 3-0 ဝုဗ်
အဲဗာတန် vs မန်စီးတီး
အရင် ၃ ပတ်လောက်တုန်းကတော့ ဒီပွဲစဉ်ဇယားက မန်စီးတီးအတွက် လွယ်ပါတယ်လို့ မှတ်ထင်စရာပါပဲ။ စီးတီးတို့ နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အဲဗာတန်က ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ ခြေစွမ်းကောင်းတွေ ပြသထားခဲ့တယ်။ လက်စတာကို ၂-၂ သရေကျတုန်းကလည်း သူတို့ ကစားပုံ ကောင်းခဲ့တယ်လို့ ထင်ပါတယ်။
စီးတီးအတွက် ဒီပွဲက လွယ်ကူတဲ့ ပွဲစဉ်မျိုး ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားစဉ် ပထမပိုင်းအတွင်း စီးတီးတို့ ရုန်းကန်ခဲ့ရတယ် ဒါတောင်မှ သူတို့ ဂိုးတွေ သွင်းနိုင်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒါကြောင့်ပဲ စီးတီးကို အဲဗာတန်တို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ကျနော် ထင်မြင်တာပါ။
နောက်အပတ် မက်ဒရစ်နဲ့ပွဲမှာ လန်းဆန်းနေဖို့ဆိုပြီး ဒီပွဲအတွက် ဂွာဒီယိုလာက သူ့ကစားသမားတွေကို အနားပေးနိုင်ဦးမယ် မထင်ပါဘူး။ စီးတီးက အဲဗာတန်ကို အကောင်းဆုံး ရင်ဆိုင်မှာပါ။ မန်စီးတီးတို့ ရှုံးပွဲ တွေ့ဦးမယ်ဆိုရင်တောင် ဒီပွဲကတော့ နိုင်ကို နိုင်ရမယ့်ပွဲပါပဲ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အဲဗာတန် 0-2 မန်စီးတီး
အာဆင်နယ် vs ဘရိုက်တန်
ဘရိုက်တန်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ဆိုရင် သူတို့က အရမ်းကို ထူးခြားမှုတွေ လုပ်ပြနိုင်မှ ရပါလိမ့်မယ်။ သူတို့ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားနိုင်ပေမယ့်လို့ ရှုံးပွဲ စတွေ့တာနဲ့ ဘရိုက်တန်က ဖိအားတွေ ဝင်လာနေပါပြီ။
ဖိအားမရှိချိန်မှာ ဘရိုက်တန်က အသင်းကောင်းပါ ဒါပေမယ့် ဖိအားတွေနဲ့ ကစားဖို့၊ ဥရောပဝင်ခွင့်အတွက် တကယ်တမ်း ကြိုးစားရမယ့် အချိန်မှာတော့ ဘရိုက်တန်တို့ ကစားပုံ မကောင်းတော့ပါဘူး။ စပါး၊ ဖောရက်စ်တို့ကို အရေးနိမ့်ပြီး ဝုဗ်နဲ့ ယူနိုက်တက်ကို အနိုင်ယူခဲ့တယ်။ ချက်ခြင်းပဲ အဲဗာတန်ရဲ့ အနိုင်ယူခြင်း ခံခဲ့ရတယ်။
နယူးကာဆယ်ကို ရင်ဆိုင်တဲ့ပွဲမှာ အာဆင်နယ်က သိပ်ကို ထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ သူတို့က ဘရိုက်တန်နဲ့ပွဲ အပါအဝင် လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-1 ဘရိုက်တန်
လက်စတာ vs လီဗာပူး
ကျနော်က ဒီတပတ် လက်စတာ တို့ တန်းဆင်းဇုန်ကနေ ပြန် ရုန်းတက်နိုင်ဖို့ အခွင့်ကောင်း ရှိနေတယ်လို့ မြင်ပါတယ်။ လီဗာပူးက ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ကစားနေသေးတယ် ဆိုပေမယ့် နိုင်ပွဲတွေ ဘယ်လောက် ယူနေနေ ဒါက သိပ် မလွယ်တော့ပါဘူး။
လီဗာပူးက ပြိုင်ဘက်တွေကို ချေမှုန်းနေတဲ့ အခြေအနေ မဟုတ်ဘူး။ ဒီတော့ ဒီပွဲမှာ လက်စတာ အခွင့်အရေး ရှိမယ်လို့ ထင်ပါတယ်။ ဒီတလောမှာ လက်စတာတို့ကလည်း ခံစစ် မကောင်းဘူး။ ဒီတော့ ဒီပွဲ သရေ ကျစရာ မရှိပါဘူး။ သူတို့ နိုင်ပါလိမ့်မယ်။
ကျနော် လက်စတာဘက်ကနေ ရှိချင်ပါတယ်။ တနင်္လာနေ့ည ဒီပွဲ ကစားချိန်မျာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က နိုင်ပွဲ ကိုယ်စီ ရနေလောက်ပြီ။ လက်စတာ အနေနဲ့လည်း သူ့အနားက အသင်းတွေ ရှုံးပွဲတွေ့မှာ ဖြစ်လို့ ဒီပွဲအတွက် အားခဲနေပါလိမ့်မယ်။ ဖိအားက လီဗာပူး အပေါ် ပဲ ရောက်နေပြီး လက်စတာက အားကုန် ထုတ်လာမှာပါ။
ဒီပွဲက လက်စတာ အတွက် ဒီရာသီ အခြေအနေ အဆုံးအဖြတ် ပွဲ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲသာ မနိုင်ရင် သူတို့ တန်းဆင်းရင် ဆင်းသွားရတော့မှာ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လက်စတာ ၂-၁ လီဗာပူး