ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ်ကို ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ က အပြိုင် ခေါ်ဖို့ သတင်းကြီးခဲ့ပေမယ့် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ထံ ရောက်ဖို့ပဲ အလေးသာနေပြီ ဖြစ်ပါတယ်။
ဂျူ့ဒ် ဘယ်လင်ဟမ်ကတော့ ရီးရဲလ်မက်ဒရစ် ရဲ့ ကမ်းလှမ်းမှုက အချက်အလက် အသေးစိတ်ကို လက်ခံ လိုက်ပြီး နွေမှာ ပြောင်းလာဖို့ အသင့် ဖြစ်သွားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်လာပါတယ်။
ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ပြောင်းရွှေ့ ကစားဖို့ မစောင့်နိုင်အောင် ဖြစ်နေပြီး ဒါကပဲ နှစ်ဘက်ကြား လုပ်ခ လစာနဲ့အခြား အချက်အလက် ညှိနှိုင်းမှုတွေမှာ သိပ်ကြီး အတားအဆီး မရှိဘဲ အဆင်ပြေသွားစေခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ဘက်က ဒေါ့မွန် အသင်း တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဆယ်ကျော်သက် ကွင်းလယ် သမားလေး အတွက် ဖြစ်နိုင်ဖွယ် ပြောင်းရွှေ့ကြေး ညှိနှိုင်းနေပါတယ်။ သတင်းတွေ အရကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂ဝ လောက် ထိ ရောက်နိုင်တယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ဘက်ကတော့ ဒေါ့မွန်ကို လေးစားမှုထားတဲ့ အနေနဲ့ ချန်ပီယံ လုပွဲ မပြီးသေးသရွေ့ ကစားသမားရဲ့ အပြောင်းအရွှေ့ ကိစ္စကို သတင်းမီဒီယာတွေထံ တရားဝင် အသိပေးဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရှုပ်အထွေးတွေ မဖြစ်လာအောင် ဘယ်လင်ဟမ် ကို ခေါ်ယူရေး စောစော အပြီးသတ်ဖို့တော့ ရီးရဲလ်ဘက်က တွန်းအားပေးနေပါတယ်။
သတင်းတွေ အရ မန်ချက်စတာစီးတီးကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူရေး အကောင်းဆုံး ကြိုးစား စည်းရုံးခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ် ကို လိုလားနေပြီ လို့ သိရပါတယ်။ ဘယ်လင်ဟမ် ရဲ့ ယခင် ဦးစားပေးက လီဗာပူး ဖြစ်ခဲ့ပေမယ့် မာဆေးဆိုဒ်ကလပ်ဟာ ပြောင်းရွှေ့ကြေး များစွာ မထုတ်နိုင်လို့ စောစော နောက်ဆုတ် သွားခဲ့ပါတယ်။