ဘောလုံးလောကရဲ့ ဂန္တဝင် ငြင်းခုံမှုတစ်ခု ဖြစ်တဲ့ ဂျရတ်၊ လမ်းပတ်၊ ပေါလ်စခိုး တို့ထဲ ဘယ်သူ အကောင်းဆုံးလဲ ဆိုတာ ကို အဆုံးသတ်စေနိုင်တဲ့ အချက်တစ်ချက် ရှိတယ်လို့ ဂျေမီကာရေဂါ က ထုတ်ဖော် ပြောဆိုလာပါတယ်။

အင်္ဂလန်ရဲ့ ကွင်းလယ် ရွေရောင်မျိုးဆက်ဖြစ်တဲ့ ဖရန့်လမ်းပတ်၊ စတီဗင်ဂျရတ်နဲ့ ပေါလ်စခိုးတို့ထဲမှာ ဘယ်သူ အကောင်းဆုံးလဲ ဆိုတာကို ပရိသတ်တွေက နှစ်ရှည်ကြာ ငြင်းခုံခဲ့ကြပါတယ်။

သုံးယောက်လုံးက ဂန္တဝင်တွေ ဖြစ်ပေမယ့် ဂျရတ်က ကျန် ကွင်းလယ်လူ နှစ်ဦးထက် သာလွန်နေတဲ့ အချက်တစ်ချက် ရှိတယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။

“ သူတို့ သုံးဦးကို နှိုင်းယှဉ်နေတာက နီးတောင် မနီးစပ်ဘူး။ ကျွန်တော်က လမ်းပတ်တို့၊ ပေါလ်စခိုးတို့ကို မကြိုက်ဘူးလို့ လူတွေက ထင်ကြတယ်။ ဒါပေမယ့် ဒီလိုငြင်းခုံမှုတွေက ‘ငြင်းခုံစရာတောင် မလိုဘူး။ ယှဉ်လို့ကို မရတာ’လို့ ကျွန်တော် ပြောချင်ပါတယ်။

ဒီအငြင်းအခုံကို အဆုံးသတ်စေတဲ့အရာက ဘာလဲဆိုတာ ကျွန်တော် ပြောပြမယ်။ ဆာအဲလက်စ် ဖာဂူဆန်က ဂျရတ်ကို ခေါ်ဖို့ကြိုးစားခဲ့တယ်။ ဟိုဆေး မော်ရင်ညိုရောပဲ။ ဂျရတ်ကို ခေါ်လို့မရလို့ စခိုးတို့၊ လမ်းပတ်တို့ကို သူတို့ခေါ်လိုက်တာပါ ” လို့ ကာရေဂါက ဆိုပါတယ်။

စခိုးနဲ့ လမ်းပတ်တို့ရဲ့ နည်းပြတွေက သူတို့အသင်းအတွက် ဂျရတ်ကို ခေါ်ယူဖို့ ကြိုးစား ချိတ်ဆက်ခဲ့ကြတာကပဲ ဂျရတ် ဘယ်လိုကစားသမားလဲဆိုတာ သက်သေထူနေပါတယ်။ အကြောက်တရား မရှိတဲ့ ကာရေဂါလိုလူတောင် ကစားကွင်း ထဲမှာဆိုရင် စတီဗင်ဂျရတ်ကို ကလန်ကဆန် မလုပ်ရဲပါဘူး။

“ကွင်းထဲမှာ ကျွန်တော်က မကြောက်တတ်ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ ကျွန်တော် ဘယ်တော့မှ ကလန်ကဆန် မလုပ်ခဲ့တာဆိုလို့ သူပဲရှိတယ်။ ကျွန်တော် ကိစ္စပေါင်းစုံနဲ့ စိတ်လိုက်မာန်ပါ၊ ထိန်းလို့မရ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် စတိဗ်နဲ့သာဆိုရင် ကျွန်တော် ဘာပြောနိုင်မှာလဲ။ သူပြောတာကို လက်ခံပေးလိုက်ဖို့ပဲ ရှိပါတယ် ” လို့ ဆိုပါတယ်။

ကာရေဂါဟာ လီဗာပူး အဝတ်လဲခန်းမှာ ဂျရတ် မလုပ်လိုတဲ့ ကိစ္စတိုင်းကို လုပ်ဆောင်ပေးပြီး လက်ထောက် ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။ သူတို့ နှစ်ဦးဟာ ဆယ်စုနှစ်ကြာ အတူ တွဲကစားခဲ့ပြီး ၂၀၀၅ ချန်ပီယံလိဂ် ဖိုင်နယ်ကတော့ သူတို့ နှစ်ဦးအတွက် အကြီးကျယ်ဆုံး အောင်မြင်မှု ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။