အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဘရိုက်တန်ကို ဧည့်ခံ ယှဉ်ပြိုင်ရာမှာ ဘောလုံးတောင်မှ ကြာကြာ မကိုင်နိုင်ခဲ့ဘဲ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးထက် ၁ ပွဲကစား ၄ မှတ်လျော့ အခြေအနေကို ရောက်ရှိသွားပါပြီ။
အာဆင်နယ်ဟာ နောက်ဆုံးပွဲတွေ အားလုံး အနိုင်ရရင်တောင်မှပဲ ချန်ပီယံဖြစ်ဖို့ မသေချာတဲ့ အခြေအနေမှာ အဲဗာတန်ကို အရှက်တကွဲ ရှုံးခဲ့သလို ဥရောပဝင်ခွင့်အတွက် ရမှတ်တွေ လိုနေတဲ့ ဘရိုက်တန်ရဲ့ ရုန်းကစားခြင်းကို တောင့်မခံနိုင်ခဲ့တာပါ။
ဒီပွဲမတိုင်ခင်တည်းက နည်းပြဒီဇာဘီက ဘရိုက်တန်အသင်း အစစ်ကို အာဆင်နယ် မြင်ရစေမယ်လို့ သတိပေးထားခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်း သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက်ကို ဒုက္ခပေးသွားခဲ့ပါတယ်။
မန်စီးတီးက နောက်ဆုံး ၃ ပွဲအတွင်း ၁ ပွဲနိုင်ရင်တောင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မှာပါ။ အာဆင်နယ်ဟာ သင်္ချာနည်းအရ ချန်ပီယံဖြစ်နိုင်ဆဲဆိုပေမယ့် အဝတ်လဲခန်းမှာတော့ မျှော်လင့်ချက်တွေ မရှိကြတော့ပါဘူး။
မာတင်အိုဒီဂတ်က ‘ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ပြီးသွားပြီ ခံစားရတယ်။ အခုချိန်မှာ အရမ်းကို ခက်ခဲသွားပြီဆိုတာကို လက်ခံရပါတော့မယ်။ ဒီအခြေအနေမှာ ခံစားချက် မကောင်းပါဘူး။ ကျနော်တို့ ကစားတဲ့ နည်းလမ်းတွေမှာ အထူးသဖြင့် ဒုတိယပိုင်းမှာ ဘာမှားသွားလဲကို မသိတော့ပါဘူး။
အခုချိန် အသင်းမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလို့ ထင်ပါတယ်။ ပထမပိုင်းမှာ ကောင်းတာလေးတွေ ရှိခဲ့တယ်၊ အခွင့်အရေးကြီးတွေ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ သူတို့ကို ပိုကောင်းကောင်းကစားခွင့်တွေ ပေးခဲ့မိပါတယ်။
နောက်ဆုံး ၂ ပွဲတုန်းက ခြေစွမ်းနဲ့ တွန်းအားပေးမှုလိုမျိုး ဒီပွဲမှာ မကစားနိုင်ခဲ့တာက စိတ်ပျက်စရာပါ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာလို့ မထင်ပါဘူး။ ပွဲထဲမှာ ကျနော်တို့ ကောင်းပါတယ်။ ဒါပေမယ့် ဒီရလဒ်ကို လက်ခံပြီး ဒီအခြေအနေကနေ သင်ယူရမှာပါပဲ ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။