အာဆင်နယ်အသင်း ဟာ ဒီနွေဈေးကွက်မှာ မန်စီးတီးကနေ ထွက်ခွာတော့မယ့် အစွန်လူ ကန်တယ်လိုကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ကျယ်ပြန့်လာနေပါတယ်။

မန်စီးတီးက မနှစ်တုန်းက ဂျေးဆုနဲ့ ဇင်ချန်ကိုတို့ကို ရောင်းချမှုလို အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ခပ်လွယ်လွယ် သဘောတူပေးတာမျိုး ဖြစ်လာနိုင်ဖို့ ခက်ခဲပါတယ်။ ဘိုင်ယန်ကို အငှားထွက်ကစားနေတဲ့ ပေါ်တူဂီသားဟာ ဒီနွေမှာ မန်စီးတီးထံ ပြန်ရောက်လာနိုင်ပြီး အမြဲတမ်း ကလပ် တစ်သင်းကို ရှာဖွေရမှာပါ။

ဝေါ်ကာ၊ အကီ၊ အခန်ဂျီ၊ ရီကို လူးဝစ်တို့လို ကစားသမားတွေကြောင့် အစွန်နေရာကို လက်လွှတ် ထားရတဲ့ ပေါ်တူဂီသားဟာ တီယာနေးကို ရောင်းထုတ်တော့မယ့် အာဆင်နယ်မှာ ဆိုရင် အစွန်လူ စစ်စစ်အဖြစ် နေရာရနိုင်တာပါ။

ဒါပေမယ့်လို့ အာဆင်နယ် ဘယ်အစွန်မှာ ကန်ဆယ်လို ပါဝင်လာရင် မာတင်နယ်လီဟာ အခုလောက် တိုက်စစ်ကို ကောင်းကောင်းလိုက်နိုင်စွမ်း ရတော့မှာ မဟုတ်ကြောင်း သတိပေးခံရတယ်။

အထူးသဖြင့် ကန်ဆယ်လို ရှိနေစဉ် ဂရီလစ်ချ်နဲ့ ကန်ဆယ်လို မရှိချိန် မန်စီးတီးမှာ တောက်ပနေတဲ့ ဂရီလစ်ချ်တို့ကို နှိုင်းယှဉ်ကြည့်ဖို့ ဂါးဒီးယန်း သတင်းထောက်က ထောက်ပြခဲ့ပါတယ်။

ဂါးဒီးယန်း သတင်းထောက် ဂျိုနသန် ဝဲလ်ဆန်က ” ဘယ်ခြမ်းမှာ ကန်ဆယ်လို မရှိတော့ကတည်းက ဂရီလစ်ချ် အတော်လေး ကောင်းလာနေပါတယ်။ ကစားသမား တစ်ယောက်ကြောင့် အတွင်းထဲကို ဝင်ကစားရတာမျိုးကို ဗီလာမှာ ဂရီလစ်ချ် မကစားဖူးပါဘူး။

ဂရီလစ်ချ်က တောင်ပံသမားတွေနဲ့ overlap လုပ်ပြီး ကစားခဲ့တဲ့သူပါ။ ကန်ဆယ်လို မရှိတော့လို့ အပျော်ဆုံးလူရှိရင် သူပဲ ဖြစ်ပါလိမ့်မယ်။ ဂျွန်စတုန်းကလည်း ကွင်းလယ်နေရာကို ဝင်ကစားတာမို့ စီးတီး အစွန်လူတွေက ခံစစ်ကို သိပ်သိပ်သည်းသည်း ကစားဖို့ ဖြစ်လာခဲ့ပါတယ် ” ဆိုပြီး ရှင်းပြပါတယ်။

ကန်ဆယ်လိုရဲ့ ကစားဟန်ဟာ အာဆင်နယ် တိုက်စစ်ကို အကန့်အသတ် ဖြစ်စေမှာလား ပိုထက်မြက်မှာလား ဆိုတာကို တွက်ချက်ပြီးရင်တော့ အာတီတာတို့က ပေါ်တူဂီသားကို ခေါ်ယူရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်မှု တစ်ခုခု ပြုလုပ်လာနိုင်တာပဲ ဖြစ်ပါတယ်။